Saw Smith
ဇန်နဝါရီ ၃၁ ၊ ၂၀၂၄ ။
ကရင့်တော်လှန်ရေးအစ ၁၉၄၉ ခုနှစ်က
*************************
ကရင့်တော်လှန်ရေးသည် ရန်ကုန်မြို့ အင်းစိန်တိုက်ပွဲမှ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး ယခုဆိုလျှင် ၇၅ နှစ် စိန်ရတု တိုင်ခဲ့ပြီဖြစ်သည်။ ၁၉၄၉ ခုနှစ် ဇန်နဝါရီ ၃၁ ရက်ကစတင်ခဲ့သော အင်းစိန်တိုက်ပွဲသည် ရက်ပေါင်း ၁၁၁ ရက်တိုင်တိုင်ကြာမြင့်ခဲ့ပြီး နေ့ရောညပါ တိုက်ပွဲများပြင်းထန်နေခဲ့သည်။
လွန်ခဲ့သည့်နှစ်ပေါင်း ၇၀ ကျော် ၁၉၄၈ ခုနှစ်နှစ်ကုန်ပိုင်းနှင့် ၁၉၄၉ ခုနှစ် နှစ်အစပိုင်းကာလများတွင် ဖဆပလ အစိုးရက ကရင်အဖွဲ့အစည်းနှင့် ကရင်လူထုအပေါ် မတရားဖိနှိပ်အနိုင်ကျင့်မှုများ ဆက်တိုက်ပြုလုပ်လာခဲ့သည်။
ကရင်တပ်များကို အတင်းအဓမ္မလက်နက်ဖြုတ်သိမ်းခြင်း ၊ ကရင့်ခေါင်းဆောင်များကို ဖမ်းဆီး ခြင်း ၊ အပြစ်မဲ့ကရင်ရွာသားများကို ပစ်ခတ်သတ်ဖြတ်ခြင်း၊ အမျိုးသမီးများအပေါ် အဓမ္မပြုကျင့်စော်ကားခြင်း၊ ကျေးရွာ များမီးရှို့ဖျက်ဆီခြင်း ၊ ကေအဲန်ယူကို မတရားအသင်းကြေညာခြင်း ၊ ရန်ကုန်ရှိ ကေအဲန်ယူဗဟိုဌာန ချုပ်နှင့် ကရင်ရပ်ကွက်များကို စီးနင်းတိုက်ခိုက်ခြင်းတို့ကြောင့် ကရင့်တော်လှန်ရေး နေ့ချင်းညချင်းပေါက်ပေါက် လာခဲ့သည်။
” ကရင့်တော်လှန်ရေးဟာ အစီအစဥ်နဲ့ သေချာချပြီး ဖြစ်ပေါ်လာရတာ မဟုတ်ဘူး။ တစ်ဖက်က ရန်သူရဲ့ လှုပ်ရှား မှုနဲ့ ဆောင်ရွက်ချက်အပေါ်မှာ လုပ်လိုက်ရတော့ အစီအစဥ်မရှိဘဲ ဖြစ်လာရတာ ” ဟု ကရင့်ဝါရင့်တော်လှန်ရေး သမားဖြစ်သလို ကရင်အမျိုးသားအစည်းအရုံး၊ ကေအဲန်ယူဗဟိုကော်မတီဝင်ဖြစ်သည့် ပဒိုစောသမိန်ထွန်း က ကရင့်တော်လှန်ရေး ဖြစ်တည်လာခဲ့သည့် အခြေအနေအားရှင်းပြသည်။
ကရင်ပြည်သူများ ပါဝင်လာခြင်း
*********************
ကရင်လူမျိုးများ၏ သီးခြားကရင်ပြည်နယ်ရရှိရေးတောင်းဆိုခဲ့မှုသည် အင်္ဂလိပ်ကိုလိုနီ လက် ထက်ကတည်းကပင်ဖြစ်သည်။
ကရင်အမျိုးသားများ၏ ပထမဦးဆုံး အမျိုးသားရေးအဖွဲ့အစည်း “ဒေါကလူ “ကို ၁၈၈၁ ခုနှစ် တွင် ဒေါက်တာ တီးသံပြာ က စတင်ဖွဲ့စည်းထူထောင်နိုင်ခဲ့သည်။
ထိုမှတဆင့် ၁၉၄၃ ခုနှစ်တွင် ဒေါကလူ မှ ခေါင်းဆောင်များက Karen Central Advisory Board (K.C.A.B) ဖွဲ့စည်းခဲ့ပြီး ၁၉၄၅ ခုနှစ်၌ (K.C.O)Karen Central Organization ဟူ၍ အသွင်ပြောင်းလိုက် သည်။
ထိုအဖွဲ့တွင် စောသာဒင်၊ ဆရာသာထို၊ စောဘဦးကြီး တို့ပါဝင်သည်။ ၁၉၄၆ ခုနှစ်တွင် K.C.O ၏ စောဘဦးကြီး၊ စောသာဒင်၊ မစ္စတာ ဆစ်ဒနီလူနီနှင့် စောဖိုးချစ် တို့ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့သည် သီးခြားကရင်ပြည်နယ်ရရှိရေးအတွက် ဗြိတိသျှအစိုးရနှင့် ဆွေးနွေးခဲ့ကြသည်။
သို့သော် ကရင်ကိုယ်စားလှယ်အဖွဲ့၏တောင်းဆိုမှုကို အလေးမထားခဲ့ကြသည့်အတွက် ကရင်ခေါင်း ဆောင်များသည် သီးခြားကရင်ပြည်နယ်ရရှိရေးအတွက် ထပ်တိုးလှုပ်ရှားမှုများ ဆောက်ရွက်ခဲ့ကြသည်။
KNA ခေါ် ဒေါကလူ ကရင်အမျိုးသားအစည်းအရုံး၊ ဗုဒ္ဓဘာသာ ကရင်အမျိုးသားအဖွဲ့ချုပ် (BKNA)၊ ကရင်ဗဟိုအဖွဲ့ (KCO) နှင့် ကရင်လူငယ်အဖွဲ့ (KYO)တို့ပေါင်း၍ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလတွင် KNU (Karen Nation Union) ကို ဖွဲ့စည်းခဲ့သည်။
၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်တွင် ကရင်လူထု ၄ သိန်း ကျော်က “ကရင်ပြည်ချက်ချင်းပေး ၊ ကရင်တစ်ကျပ်၊ ဗမာတစ်ကျပ် ချက်ချင်းပြ ၊ လူမျိုးရေး အဓိကရုဏ်း အလိုမရှိ ၊ ပြည်တွင်းစစ်အလိုမရှိ” စသည့်ကြွေးကြော်သံများဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့သည်။
သို့သော် ဖဆပလ အစိုးရ၏တွန်းပို့မှုကြောင့် ကရင့်လက်နက်ကိုင်တော်လှန်ရေးကို အစီအစဥ်မရှိဘဲ စတင်ခဲ့ရသောအခြေအနေ၌ မတရားမှု နှင့် အနိုင်ကျင့်မှုများကို ခေါင်းငုံ့မခံတတ်သည့်ကရင်များသည် အချိန်တိုအတွင်း အင်အားအလုံးအရင်းဖြင့် ပါဝင်လာခဲ့သည်။
ဖဆပလအစိုးရတပ်ထဲရှိ ကရင်တပ်များသည် ကရင်အမျိုးသားကာကွယ်ရေးတပ် – KNDO နှင့်ပူးပေါင်းပြီး မြန်မာ အစိုးရတပ်များကို တိုက်ခိုက်ခဲ့သည့်အတွက် နှစ်အနည်းငယ်အတွင်း မြို့ပေါင်း ၆၀ ကို ကရင်တော်လှန်ရေးတပ် များက သိမ်းပိုက်နိုင်ခဲ့သည်။
” အစမှာ ကေအဲန်ယူရဲ့တောင်းဆိုမှုနဲ့ KNDO က စတင်တော်လှန်ခဲ့ပေမယ့် နောက်တော့ ကရင်တစ်မျိုးသားလုံးရဲ့ တော်လှန်ရေးနဲ့ ဘဝဖြစ်လာတယ် ” ဟု ပဒိုစောသမိန်းထွန်းက အချိန်ကာလတိုအတွင်း မြို့များ သိမ်းပိုက်နိုင်ခဲ့ သည့် အခြေအနေကို ပြောပြသည်။
ဦးနုဦးဆောင်သည့် ဖဆပလအစိုးရသည် ရန်ကုန်မြို့ကွက်ကွက်လေးကိုသာ ထိန်းချုပ်နိုင်ခဲ့ပြီး ၇ မိုင်အစိုးရဟုပင် နာမည်တွင်ခဲ့ရသည့်အထိ အဓိကမြို့ကြီးများကို ကရင်တော်လှန်ရေးတပ်များက ထိန်းချုပ်နိုင်ခဲ့သည်။
သို့သော်လည်း ကရင်တပ်များအကြား ဗဟိုအမိန့်ပေးစနစ်မရှိခြင်း ၊ တစ်ဗိုလ်တစ်မင်းဖြစ်နေခြင်း စသည့်အား နည်းချက်များရှိနေသည့်အပြင် တစ်ဖက်ရန်သူ၏ စစ်ရေး၊ နိုင်ငံရေးပရိယာယ်ကြွယ်ဝမှုများဖြင့် ပြန်လည်ထိုးစစ် ဆင်မှုကြောင့် ၁၉၅၀ ခုနှစ်တွင် ကရင်တပ်များ မြို့များပေါ်မှ နောက်ဆုတ်ပေးခဲ့ရသည်။
” ကရင့်တော်လှန်ရေး ဒီလောက်ကြာရှည်လာရတာဟာ ကရင်အမျိုးသားအချင်းချင်း တော်လှန်ရေးလှုပ်ရှားမှုကို စည်းစည်းလုံးလုံးနဲ့ တော်လှန်တိုက်ပွဲဝင်နိုင်ခြင်းမရှိလို့ဖြစ်ပါတယ် “ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် ပြောသည်။
မညီညွတ်ခဲ့သော ကရင်ခေါင်းဆောင်များ
***************************
ကရင့်တော်လှန်ရေးခရီးတလျှောက်ကိုပြန်ကြည့်လျှင် စစ်ရေးဆိုင်ရာတွင် ကရင်တပ်များစည်းလုံးမှု အားနည်းခဲ့ သည်သာမက နိုင်ငံရေးဘက်တွင်လည်း ခေါင်းဆောင်ပိုင်းများကြား သဘောထားကွဲလွဲမှုများ အကြိမ်ကြိမ် ရှိနေခဲ့သည်ကို တွေ့မြင်ရနိုင်သည်။
၁၉၆၂ ခုနှစ် ဦးနေဝင်းအာဏာသိမ်းပြီးနောက် ကရင်တော်လှန်ရေးကောင်စီခေါင်းဆောင် ကော်ကဆာဟန်တာသာမွေးအုပ်စုသည် ဦးနေဝင်းနှင့်ပူးပေါင်းသွားခဲ့သည်။
ထို့နောက် ဦးနေဝင်း၏ထိုးစစ်ဆင်မှုများကြောင့် ၁၉၇၂ ခုနှစ်နောက်ပိုင်းတွင် ဧရာဝတီမြစ်ဝကျွန်းပေါ်နှင့် ပဲခူးရိုးမတို့ရှိ ကရင်တပ်အများအပြားပြုတ်သွားခဲ့ပြီး တဖန် ၁၉၉၅ ခုနှစ်တွင်လည်းကေအဲန်ယူဌာနချုပ် မာနယ်ပလောမြို့ ကျဆုံးခဲ့ရသည်။
“ဝါးအစည်းပြေပြီးတော့ ကရင်အဖွဲ့တွေကြားထဲမှာ ရပ်တည်ချက်မတူတာတွေ စစ်အာဏာရှင်နဲ့ပူးပေါင်းခဲ့တာ တွေဟာ တစ်ဖက်ကလည်း စစ်ရေးထိုးစစ်နဲ့ နိုင်ငံရေးထိုးစစ်တွေပေါင်းပြီး ကရင်အမျိုးသားလှုပ်ရှားမှုကို ထိုးခွဲခဲ့ တဲ့အတွက် အဲလိုဖြစ်ခဲ့ရတာလို့ သုံးသပ်ပါတယ် ” ဟု ဦးသန်းစိုးနိုင်က ပြောသည်။
မာနယ်ပလောကို အစိုးရ (KNU)၊ စစ်တပ် (KNLA)၊ နယ်ခြားစောင့်တပ် ( KNDO)၊ ရဲ( KNPF) စသည့် ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးအဆင့်ဆင့်ဖြင့် ဖွဲ့စည်းထားသည်။ ပညာရေး ၊ ကျန်းမာရေး ဌာနများသီးသန့်ရှိပြီး ကော်သူးလေအုပ်ချုပ်ရေး မြို့တော်တစ်ခုအဖြစ်ရှိခဲ့သော မာနယ်ပလောသည် ရွာပျက်ကြီးတစ်ခုဖြစ်သွားခဲ့ရသည်။
စစ်အုပ်စု၏ ဘာသာရေးအရ သပ်လျှိုသွေးခွဲမှုများကြောင့် ကေအဲန်ယူမှ DKBA ခွဲထွက်ခဲ့ပြီး အချင်းချင်းပြန်တိုက် နေချိန်၌ အင်အားနည်းနေသည့် ကေအဲန်ယူတပ်များကို နဝတ/နအဖ အစိုးရတပ်များကလည်း တိုက်ခိုက်ခဲ့သော ကြောင့် ကေအဲန်ယူဌာနချုပ်မြို့တော်ကြီး ပျက်သုဥ်းခဲ့ရသည်။
” ကရင်တွေစုစည်းနေရင် ဘယ်သူမှတိုက်လို့မရဘူး။ ကရင်တွေကွဲရင်တိုက်လို့ရတယ်။ မြစ်ဝကျွန်းပေါ် ၊ ပဲခူးရိုးမ ပြုတ်ရတာ ကရင်ကွဲလို့။ အရှေ့တိုင်းကကောင်တွေက အနောက်ပိုင်းကကောင်တွေကို ဓာတ်ခဲတောင် မရောင်း ပေးနဲ့ ဆိုပြီးပိတ်တာ။ စက်လက်နက်ပစ္စည်းဆိုတာ အရှေ့တိုင်းမှာ လာဝယ်ရတာ။ လာဝယ်ဖို့ကို ပိတ်ထားတယ်။ အဲဒါကို ရန်သူက အကွက်ကောင်းယူပြီး တစ်ကွက်ချင်းချတာ ” ဟု ပဒိုစောသမိန်ထွန်း ကပြောသည်။
နောက်ဆုံးကျန်ရှိသည့် အရှေ့ပိုင်းကကရင်တပ်များကွဲပြီး မာနယ်ပလောကျဆုံးခဲ့ရမှုကြောင့် ကရင့်တော်လှန်ရေး အဖွဲ့အစည်းခေါင်းဆောင်များ ထိုင်းနိုင်ငံဘက်သို့ ရှောင်တိမ်းအခြေချခဲ့ရသည်အထိ အခြေအနေဆိုးရွားခဲ့သည်။
သို့သော် ကရင်လုထုက လူမျိုးနှင့်ချီပြီးတောင့်ခံထားနိုင်ခဲ့သောကြောင့်သာ ကေအဲန်ယူအဖွဲ့အစည်းသည် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများအကြား သက်တမ်းအရှည်ကြာဆုံးနှင့် ဂုဏ်သိက္ခာအရှိဆုံး အဖွဲ့အစည်းအဖြစ် ယနေ့တိုင်ရပ်တည်နိုင်ခဲ့သည်။
KNU ၊ နွေဦးတော်လှန်ရေးနှင့် စစ်ကောင်စီကျရှုံးခန်း
********************
နှစ်ပေါင်း ၇၅ နှစ်တိုင်တိုင် တော်လှန်ရေးခရီးအတွေ့အကြုံက ကရင့်ခေါင်းဆောင်များနှင့် ကရင်လူထုအတွက် သမိုင်းသင်ခန်းစာများစွာ ပေးထားခဲ့ပြီးဖြစ်သည်။
လက်ရှိနွေဦးတော်လှန်ရေးကာလတွင် ကေအဲန်ယူသည် ၎င်းတို့၏အမျိုးသားရေးရည်မှန်းချက်များကို တစ်ဆင့် ချင်းအကောင်အထည်ဖော်နေသည်။
တစ်ဖက်တွင်လည်း ရည်မှန်းချက်တူ တိုင်းရင်းသားမဟာမိတ်တပ်များနှင့်ပူးပေါင်းပြီး မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးတို့အတွက် တိုက်ပွဲများစွာဆင်နွှဲထားသည်။
စစ်ကောင်စီ အာဏာသိမ်းယူခဲ့သည့် ၃ နှစ်တာကာလအတွင်း ကေအဲန်ယူထိန်းချုပ်နယ်မြေများတွင် တိုက်ပွဲပေါင်း ၁၀,၀၀၀ ကျော်ဆင်နွှဲထားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုများ သောင်းချီရှိခဲ့ သည်။
ထို့ပြင် ယခုနှစ်ဇန်နဝါရီလအတွင်း ကရင်အဖွဲ့အစည်းများဖြစ်သည့် KNU ၊ DKBA ၊ KNLA – PC နှင့် BGF ခေါင်း ဆောင်များ တွေ့ဆုံဆွေးနွေးခဲ့ပြီး BGF အနေဖြင့် စစ်ကောင်စီလက်အောက်ခံအဖြစ်မှ ခွဲထွက်ပြီဖြစ်ကြောင်း ဇန်နဝါရီတတိယအပတ်တွင် BGF ခေါင်းဆောင်များက မီဒီယာများ၌ တရားဝင်ပြောကြားခဲ့သည်။
” ကရင်အဖွဲ့အစည်းတွေ ကရင်အမျိုးသားရေးအတွက် လုပ်ကြတော့မယ်ဆိုတဲ့ သတင်းစကားတွေ ကြားနေရ တယ်။ ကရင့်တော်လှန်ရေးဟာ မကြာခင်မှာ ရှေ့တစ်ဆင့်တိုးပြီးတော့ ဖက်ဒရယ်အခွင့်အရေးနဲ့ ဒီမိုကရေစီ အခွင့် အရေးအတွက် စစ်ကောင်စီကိုအပြုတ်တိုက်ဖို့ အင်အားတွေပူးပေါင်းတဲ့ အခြေအနေတစ်ရပ် ဖြစ်လာပါမယ်။ ဒါကြောင့်ကရင့်တော်လှန်ရေးဟာ နောက်တစ်ဆင့်မြင့်တက်မယ့် အနေအထားကို ဆိုက်ရောက်လာပြီလို့ သုံးသပ် ပါတယ် “ဟု ဦးသန်းစိုးနိုင်က ပြောသည်။
ခေတ်အဆက်ဆက်တည်ရှိခဲ့ကြသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ တော်လှန် ရေးဆင်နွှဲလာခဲ့မှုတိုင်းတွင် လူမျိုးအချင်းချင်းကြား သွေးခွဲသပ်လျှိုမှု ၊ ဘာသာရေးဝါဒမှိုင်းတိုက်မှုများဖြင့် သက် ဆိုးရှည်နေခဲ့သော စစ်အုပ်စုသည် မကြာမီနိဂုံးချုပ်တော့မည်ဟု နိုင်ငံရေးကျွမ်းကျင်သူများက သုံးသပ်သည်။
နိုင်ငံအနှံ့ပေါ်ပေါက်နေသည့်ထိုးစစ်များကြား အရေးနိမ့်နေသော စစ်ကောင်စီသည် ဘာသာရေးဝါဒမှိုင်းများနှင့် လူမျိုးစုအချင်းချင်းကြား ပြန်လည်တိုက်ခိုက်ခိုင်းမှုများကို တွင်တွင်ကျယ်ကျယ်ပြုလုပ်နေသော်လည်း စစ်အုပ်စု၏ နည်းလမ်းဟောင်းများမှာ အသုံးမဝင်တော့ဘူးဟု ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ- PNFC ဥက္ကဋ္ဌ ဦးခွန်ထွန်း မြင့် က ပြောသည်။
ထို့ပြင် ကိုယ်ကျိုးစီးပွားအခွင့်အလမ်းများအရ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းအချင်းချင်းကြား ကွဲလွဲမှု တချို့ရှိနေသော်လည်း အဆိုပါ အကျိုးစီးပွားများမှာ ခိုင်မာမှုမရှိကြောင်းကို လောက်ကိုင်မြို့ရှိ သူဌေးကြီးများ၏ ဖြစ်ရပ်က သာဓကပြနေခဲ့သည်။
” အကျိုးစီးပွားဆိုင်ရာကိစ္စရပ်မှာကတော့ စစ်အုပ်ချုပ်မှုအောက်မှာရထားတဲ့ အကျိုးစီးပွားတွေဟာ ဘာမှမခိုင်မာ ဘူးဆိုတာ ကာယကံရှင်တွေကိုယ်နှိုက်က သိပါပြီ။ ပြည်သူလူထုအားလုံးကအုပ်ချုပ်တဲ့ ဖက်ဒရယ်ပြည်ထောင်စု စနစ်ဖြစ်မှ ဒီအကျိုးစီးပွားဆိုင်ရာနဲ့ပတ်သက်ရင် ခိုင်မာမှုရှိမယ်ဆိုတာ ကာယကံရှင်တွေ သိပါတယ် “ဟု ဦးခွန် ထွန်းမြင့် ကပြောသည်။
၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် မြန်မာပြည် လွတ်လပ်ရေးရရှိပြီးနောက် တန်းတူရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးတို့အတွက် တိုင်းရင်းသားလူမျိုးအသီးသီးက အကြမ်းမဖက်သည့်နည်းမျိုးစုံဖြင့် တောင်းဆိုခဲ့ကြသော်လည်း စစ်အာဏာရှင်များက လက်နက်ကိုင် တော်လှန်တိုက်ပွဲဝင်ရသည့်အခြေအနေသို့ မရောက်ရောက်အောင်တွန်းပို့ ခဲ့သည်ကို လူထုက သိရှိနားလည်နေကြပြီးဖြစ်သည်။
အာဏာသိမ်းကာလအစောပိုင်းများတွင် လက်သုံးချောင်းထောင်ဆန္ဒပြတောင်းဆိုခဲ့သည့် သန်းပေါင်းများစွာသော ပြည်သူလူထုများ၏ဆန္ဒများကို စစ်အုပ်စုကမျက်ကွယ်ပြုခဲ့ရုံသာမကာ အကြမ်းဖက်ဖြိုခွင်းခဲ့သဖြင့် လူငယ်သိန်းချီ လက်နက်ကိုင်တော်လှန်တိုက်ပွဲဝင်နေခဲ့ကြသည်။
လက်နက်အားကိုးဖြင့် အနိုင်ကျင့်နေသည့်စစ်အုပ်စုကို ဗမာလူမျိုးများအပါအဝင်တို င်းရင်းသားလူမျိုးပေါင်းစုံက အရှိန်အဟုန်ဖြင့် ထိုးစစ်ဆင်တိုက်ထုတ်နေသည့်အတွက် စစ်ကောင်စီသည်မြို့များနှင့် တပ်စခန်းများစွာကို တစ်ခု ပြီးတစ်ခု လက်လွှတ်ဆုံးရှုံးနေရသည်။
ထို့ကြောင့် လွန်ခဲ့သည့် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်တွင် ကရင်လူထု ၄ သိန်း ကျော်က ငြိမ်းချမ်းစွာဆန္ဒပြ တောင်းဆိုခဲ့သည့် “ကရင်ပြည်ချက်ချင်းပေး ၊ ကရင်တစ်ကျပ်၊ ဗမာတစ်ကျပ် ချက်ချင်းပြ ၊ လူမျိုးရေး အဓိကရုဏ်း အလိုမရှိ ၊ ပြည်တွင်းစစ်အလိုမရှိ” စသည့်ကြွေးကြော်သံများ လက်ရှိနွေဦးတော်လှန် ရေးနှင့်အတူ တဖန်ပြန်လည် ပေါ်ပေါက်လာခဲ့ပြီဖြစ်သည်။
ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်သည် ၇၅ နှစ်ပြည့် ကရင့်စိန်ရတုတော်လှန်ရေးနေ့ ဖြစ်သည်နှင့်အညီ ကရင်လူမျိုးများမက်ခဲ့သည့်အိပ်မက် အမှန်တကယ်ဖြစ်လာဖို့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ၊ ကရင်ပြည် သူများနှင့် ကျန်မဟာမိတ်များ အတူပူးပေါင်းဆောင်ရွက်ကြရပေလိမ့်မည်။