ထိုင်းနယ်ခြားစောင့်တပ်တာဝန်ရှိသူများက ထိုင်း – မြန်မာနယ်စပ်လုံခြုံရေးစစ်ဆေး
*******
သံလွင်ခက်
ဧပြီ ၁၊ ၂၀၂၄။
ပြီးခဲ့သောမတ်လအတွင်း မြန်မာစစ်ကောင်စီတပ်သား ၇၂ ဦး ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ အုန်းဖန်မြို့နယ်ကို ထွက် ပြေးခဲ့ကြပြီးနောက်ပိုင်း ထိုင်း – မြန်မာနယ်စပ်တွင် လုံခြုံရေးတင်းကြပ်လျက်ရှိသည်။
လက်ရှိဖြစ်ပွားနေသောနယ်စပ်အနီးတိုက်ပွဲများကြောင့် ထိုင်းနိုင်ငံ၊ ရချမနု နယ်ခြားစောင့်တပ် စစ်ရေး အထူးတပ် ဖွဲ့ ဗိုလ်မှူးကြီး Nattkakorn Ruentip နှင့် စစ်ဘက်ဆိုင်ရာအရာရှိများသည် တာ့ခ်ခရိုင်၊ အုန်းဖန်မြို့နယ်အနီးရှိ ထိုင်း – မြန်မာနယ်စပ်ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်ဟု ထိုင်းဒေသတွင်းမီဒီယာများ၏ဖော်ပြချက်အရ သိရသည်။
ထိုင်း – မြန်မာနယ်စပ်အနီး ကရင်ပြည်နယ်တွင်တိုက်ပွဲများဖြစ်ပွားနေသဖြင့် ထိုင်းအာဏာပိုင်များအနေဖြင့် မိမိတို့ ၏ အချုပ်အခြာအာဏာကိုထိန်းသိမ်းရန်၊ နယ်စပ်အနီးနေထိုင်သော ထိုင်းလူမျိုးများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် ယခုကဲ့သို့ တင်းကြပ်သောစောင့်ကြည့်စစ်ဆေးမှုများလုပ်ဆောင်နေခြင်းဖြစ်သည်။
ပြီးခဲ့သောမတ်လ ၂၈ ရက်တွင် မြဝတီမြို့နယ်ရှိ ဝှေ့ရှမ်းကျေးရွာကို စစ်ကောင်စီတပ်က လေယာဥ်ဖြင့်ဗုံးကြဲတိုက် ခိုက်ခဲ့သဖြင့် နေအိမ်များမီးလောင်ပျက်စီးခဲ့ပြီး ရွာသား ၅၆၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
စစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့သော အဆိုပါ ဝှေ့ရှမ်းကျေးရွာသည် ထိုင်းနိုင်ငံသားများအများဆုံးနေထိုင် သောကျေးရွာဖြစ်ပြီး ဗြိတိသျှကိုလိုနီခေတ်၌ သောင်ရင်းမြစ်ကိုနယ်နိမိတ်သတ်မှတ်ပြီး နယ်စပ်မျဥ်းသတ်မှတ်ကြ ရာတွင် မြန်မာနိုင်ငံဘက်ခြမ်းရောက်သွားခဲ့ရခြင်းဖြစ်သည်။
ဝှေ့ရှမ်းကျေးရွာသည် မြန်မာနိုင်ငံဘက်ခြမ်းတွင်ရှိနေသော်လည်း အဆိုပါကျေးရွာတွင်နေထိုင်သူအများစုမှာ ထိုင်း နိုင်ငံသားကတ်ကိုင်ဆောင်ထားကြသူများဖြစ်သည်ဟု ထိုင်းသတင်းဌာနတစ်ခုဖြစ်သည့် The reporter တွင်ဖော် ပြထားသည်။
Ref : แม่สอด มีเดีย-Mae Sot Media၊ The Reporter
ဓာတ်ပုံ – แม่สอด มีเดีย-Mae Sot