မဟာမုနိ စစ်ဘေးရှောင်စခန်းကို သေနတ်ပစ်ဖောက် ဝင်ရောက် ရှာဖွေ
**********************
ဒီဇင်ဘာ ၂၂ ၊ ၂၀၂၂ ။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်က မဟာမုနိ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၂၀ ရက်နေ့ ည ၉ နာရီခွဲခန့်တွင် သေနတ်ပစ်ဖောက် ဝင်ရောက်ရှာဖွေခဲ့သည်ဟု စစ်ဘေးရှောင်ကူညီသူများက ပြောသည်။
မဟာမုနိတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့်က ၎င်းတို့ တပ်သားတစ်ဦးပျောက်ဆုံးသွားသည်ဟု ဆိုကာ သေနတ်ပစ်ဖောက် ဝင်ရောက် ရှာဖွေခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက သံလွင်ခက်ကို ပြောသည်။
” သူတို့မှာ တပ်ဖွဲ့ဝင်တစ်ယောက် ပျောက်သွားတယ်လို့ပြောတယ်။ သူတို့က ဘုရားမှာ တပ်ဆွဲထားတာလေ။ အဲ့တော့ ဘုရားပေါ်ကနေ သေနတ်တစ်ချက် နှစ်ချက်ပစ်တယ်။ နောက်ပြီး စစ်ရှောင်စခန်းထဲကို ဝင်စစ်ဆေးတယ် ” ဟု ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက စခန်းတွင်းသို့ ၁နာရီခန့်ကြာ တစ်အိမ်ဝင်တစ်အိမ်ထွက် ဝင်ရောက်ရှာဖွေပြီးနောက် ည ၁၁ နာရီခန့်မှ ပြန်လည်ထွက်ခွာ သွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
စခန်းအတွင်းမဝင်ခင် သေနတ် ၂ ချက်ပစ်ဖောက်ခဲ့ပြီး ရှာဖွေနေစဉ်အတွင်းလည်း ထပ်မံ ပစ်ခတ်ခဲ့သည်ဟု စစ်ဘေးရှောင် ကူညီသူများ ကပြောသည်။
စစ်ဘေးရှောင်ကူညီသူတစ်ဦးက ” သူတို့ရှာဖွေတဲ့အချိန် လူတွေကို ဖမ်းစီးအနှောင့်အယှတ်ပေးတာတော့မရှိဘူး။ နည်းနည်းတော့ ကြောက်လန့်သွားတာပေါ့။ ကျန်တာတော့ဘာမှ မဖြစ်ဘူး။ သူတို့ရှာပြီး ပြန်ထွက်သွားကြတယ် ” ဟု ပြောသည်။
ယင်းသို့ ညအချိန်မတော် လက်နက်အပြည့်အစုံဖြင့် ဝင်ရောက် ရှာဖွေခဲ့မှုများကြောင့် စစ်ဘေးရှောင်များ လုံခြုံရေး စိုးရိမ်နေကြသည်။
မဟာမုနိဘုရားပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မကြာခဏ သေနတ်ပစ်ဖောက်လေ့ရှိပြီး ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့ ည ၈နာရီခန့်ကလည်း စစ်ဘေးရှောင်စခန်း ပတ်လည်သို့ ဆက်တိုက် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။
၂ဝ၁၈ ခုနှစ်ကတည်းက ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတို့ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသည့် မဟာမုနိစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၄၀၀ နီးပါး နှင့် လူဦးရေ ၁၆ဝဝ ကျော်ရှိသည်။
မဟာမုနိ စစ်ဘေးရှောင်စခန်းသည် ဘုရားတောင်ပေါ်တွင် စစ်ကောင်စီမှ တပ်စွဲထားသည့်နေရာနှင့် အနီးကပ်ဆုံးရှိနေသည့် စစ်ဘေးရှောင်စခန်း တစ်ခုလည်း ဖြစ်သည်။
ပြီးခဲ့သည့် မေလ ၂၂ ရက် နေ့ကလည်း ကိုယ်ပိုင်အမှတ် (၄၃၇/၂၁၅)ဖြစ်သူ ဒုတပ်ကြပ် ကံကောင်း (၃ဝ နှစ်)ဆိုသူအပါအဝင် စစ်ကောင်စီတပ်သား ၃ ဦး လက်နက်မဲ့ ထွက်ပြေးသွားခဲ့ပြီး ၁ ဦးမှာ ရက္ခိုင့်တပ်တော်ထံ အလင်းဝင်ခဲ့သည်။
ပုံစာ – မေလ ၉ ရက်နေ့က မဟာမုနိစစ်ဘေးရှောင်စခန်းတွင် တွေ့ရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။
Photo – Cj