စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချောင်းကြားကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက တတိယအကြိမ် ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့သည်ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ယနေ့ ထုတ်ပြန်သည်။
ကျွန်းလှမြို့ပေါ်တွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးအင်အား ၈၀ ခန့်၊ ကျွန်းလှမြို့မြောက်ဘက်ကပ်လျက်ရှိ ကန့်ဘလူမြို့နယ် ပေကုန်း(တောင်)ရွာမှ ပျူအင်အား ၄၀ ခန့် စုစုပေါင်း အင်အား ၁၂၀ခန့်ပါစစ်ကြောင်းသည် ယနေ့မနက် ၆ နာရီတွင် ပေကုန်းရွာမြောက်ဘက်သို့ စစ်ကြောင်းထိုးထွက်ခွာပြီးနောက် နံနက် ၈နာရီခန့်တွင် ချောင်းကြားရွာကို တတိယအကြိမ်မြောက် ဝင်ရောက် မီးရှို့ခဲ့ခြင်းဖြစ်သည်။
အိမ်ခြေ ၁၁၈ အိမ်ရှိသည့် ချောင်းကြားကျေးရွာကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက် တွင် စစ်ကောင်စီတပ်၏ ပထမအကြိမ် မီးရှို့မှုကြောင့် နေအိမ် ၈လုံး မီးလောင်ကျွမ်းခဲ့သည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၉ ရက်တွင် ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးခံရမှုတွင် နေအိမ် ၂၃ လုံးနှင့် စပါးကျီ ၁၃ ခုမီးလောင်ပျက်ဆီးခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ယခု တတိယအကြိမ် မီးရှို့ဖျက်ဆီးခံရမှုကြောင့် ပျက်စီးခံရသည့် စာရင်းများကို မူထုတ်ပြန်ထားခြင်းမရှိသေးပေ။
အဆိုပါ စစ်ကြောင်းသည် ချောင်းကြားကျေးရွာကို မီးရှို့ဖျက်ဆီးပြီးနောက် မနက် ၁၁ နာရီခန့်တွင် ပြန်လည်ထွက်ခွာခဲ့ပြီး ပေကုန်းရွာမှတစ်ဆင့် ကျွန်းလှမြို့ပေါ်သို့ ပြန်လည်ဝင်ရောက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ် စစ်ကြောင်းကြောင့် ချောင်းကြားကျေးရွာနှင့် အနီးတစ်ဝိုက်ရှိ မန်ကျီးကုန်း၊ဖလားရ၊ပင့်သာ၊ရှမ်းကုန်းနှင့် အင်းမ စသည့် ကျေးရွာများမှ ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် ၎င်း လက်အောက်ခံအဖွဲ့အစည်းများမှ အဖွဲ့ဝင်များ၏ မီးရှို့မှုများကြောင့် ၂၀၂၃ဇန်နဝါရီလ အတွင်း ကန့်ဘလူခရိုင်အတွင်းရှိ ကျေးရွာ ၁၀ ရွာမှ နေအိမ် ၂၈၉ လုံး မီးလောင်ပျက်စီးခဲ့ရသည်ဟုကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားသည်။
ပုံစာ –ဇန်နဝါရီ ၂၉ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ချောင်းကြားကျေးရွာကို မီးရှို့ခဲ့သည့် မြင်ကွင်း။
Photo – ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့