မကွေးတိုင်းဒေသကြီး ၊ရေစကြိုမြို့၊အမှတ် (၂)စည်ပင်သာယာရပ်ကွက်ရှိ ရုံးပေါင်းစုံတွင် တပ်ဆွဲထားသော စစ်ကောင်စီ တပ်သားများကို လောင်ချာများဖြင့် Myingyan Black Tiger (MBT)အဖွဲ့မှ သွားရောက်တိုက်ခိုက်ခဲ့သည်ဟုသိရသည် ။
ဖေဖော်ဝါရီလ ၂၆ရက် ည (၉) နာရီခွဲခန့် တွင် စစ်ကောင်စီတပ်သား အင်အား ၃၀ဦးဝန်းကျင်သည် စုပေါင်းရုံးကွင်းအတွင်း တန်းစီနေချိန်တွင် အဝေးပစ် ပုခုံးထမ်းလောင်ချာများ၊ရှေ့ထွက် လောင်ချာများ၊ ၄၀မမ ၊လက်နက်ငယ် များဖြင့်သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်တွင် စစ်ကောင်စီတပ်သား အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၄ဦးပြင်းထန် ဒဏ်ရာရကာ ရေစကြိုမြို့ပေါ် ဆေးရုံတွင် ကုသနေရကြောင်း မြေပြင်သတင်းပေးချက် အရ အတည်ပြုနိုင်ခဲ့သည်ဟု ဆိုသည်။
“ရှေ့ထွက်လက်နက်ကြီးတစ်ချက်၊ ပုခုံးထမ်းလောင်ချာ အဝေးပစ် အနီးပစ်တစ်ချက်ဆီ ၊
၄၀မမ (40)တစ်ချက် နဲ့ လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်ခဲ့တာပါ“ဟု Myingyan Black Tiger (MBT)အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲမှ သံလွင်ခက်ကိုပြောသည်။
အဆိုပါတိုက်ခိုက်မှုတွင် မိနစ် ၂၀ခန့်အကြာ အပြန်လှန်ပစ်ခတ်ခဲ့ပြီး Myingyan Black Tiger (MBT)အဖွဲ့ဘက်မှအထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည် ။
Myingyan Black Tiger (MBT)အဖွဲ့သည် မြင်းခြံမြို့နယ်၊ နွားထိုးကြီးမြို့နယ်၊ တောင်သာမြို့နယ်၊ မုံရွာနှင့် ရေစကြိုမြို့နယ်တို့တွင်လည်း စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်လျက်ရှိပြီး စခန်းသိမ်းတိုက်ပွဲများဖော်ဆောင်နိုင်ရန် ခဲယမ်းများလိုအက်နေသည်ဟု သိရသည်။