အာဏာသိမ်းကာလ ၂ နှစ်ပြည့်ပြီး နောက်ပိုင်း စစ်ကောင်စီက ထိန်းချုပ်ရခက် ဒေသများကို ဗျူဟာပြောင်းထိုးစစ်ဆင်လာသည်ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ပြောသည်။
စစ်ကိုင်းတိုင်း၊ မြောင်အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့ CDSOM အဖွဲ့ပြောခွင့်ရက “အရင်က စစ်ကြောင်းလာတယ်ဆိုရင် ဘယ်ရွာကို သွားမလဲဆိုတာ ခန့်မှန်းနိုင်တယ်။ အခုက စစ်ကြောင်းလာပြီဆိုရင် တစ်နေရာတည်းမဟုတ်တော့ဘူး။ အနည်းဆုံးနှစ်နေရာခွဲလာတာမျိုးရှိတယ်။ ရွာထဲ ဝင်ပြီဆိုရင်လည်း ခွဲလာတဲ့ စစ်ကြောင်းကိုမှဖြန့်ပြီးတော့ ပြန်ဝင်တာမျိုးတွေရှိတယ်။ ဗျူဟာအားဖြင့်တော့ တော်တော်လေးပြောင်းလာတယ်။ လက်နက်ကြီးအင်အားသုံးတာမျိုးတွေရှိတယ်။ လက်နက်အင်အားတော်တော်သုံးလာတယ်“ဟု ပြောသည်။
စစ်ကိုင်း ၊မကွေး ၊ပဲခူး နှင့် တနင်္သာရီတိုင်းဒေသကြီးက ဒေသများတွင် အမျိုးသားညီညွတ်ရေး အစိုးရ၏ စိုးမိုးထိန်းချုပ်နယ်မြေများရှိလာပြီး ကြားကာလအုပ်ချုပ်ရေးစနစ်ကို အကောင်အထည်ဖော်နေသည်ဟု NUG ကထုတ်ပြန်ထားသည်။
စစ်ကောင်စီက အာဏာသိမ်းကာလကို ၆ လသက်တမ်း ထပ်မံတိုးခဲ့ပြီးနောက် စစ်ကိုင်း၊မကွေး၊ပဲခူး၊ တနင်္သာရီ၊ချင်းပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နှင့်ကရင်ပြည်နယ်တို့ရှိ မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး မာရှယ်လောအာဏာကျင့်သုံးရန် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီ ၂ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။
ယင်းသို့ထိန်းချုပ်ရခက် ဒေသများကို စစ်ကောင်စီက မာရှယ်လော ကျင့်သုံးကာ ထိုးစစ်ဆင်မှုကိုလည်း တိုးမြှင့်လုပ်ဆောင်နေခြင်းဖြစ်သည်။
လက်ရှိ စစ်ကောင်စီထိုးစစ်ဆင် စစ်ကြောင်းထိုးနေသော မြို့နယ်များသည် NUG နှင့် တော်လှန်ရေးအင်အားစုများက အပြည့်အဝထိန်းချုပ်ထားနိုင်ခြင်းမရှိသည့် ဂရေး(Grey) ဧရိယာ နယ်မြေများသာ ဖြစ်သည်ဟု NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က သံလွင်ခက်ကိုပြောသည်။
၎င်းက “ဂရေး ဧရိယာလိုနေရာမျိုးမှာဆိုရင်တော့ ပြည်သူတွေကို တတ်နိုင်သလောက် သတိဝီရိယနဲ့နေဖို့၊ စစ်ကောင်စီကလည်း အချိန်မရွေးစစ်ကြောင်းတွေရောက်လာနိုင်လို့ သတင်းအချက်အလက်တွေရနေဖို့၊ စစ်ကြောင်းနီးလာတာနဲ့ ဘေးလွတ်ရာကို ရွှေ့ပြောင်းကြဖို့ သတိပေးထားပါတယ်” ဟုပြောသည်။
စစ်ကောင်စီဘက်က စစ်ရေးအရရော၊ နိုင်ငံရေးအရပါ အထိနာလာသည့်အတွက် တိုင်းရင်းသားအဖွဲ့အစည်း(EROs) များကိုပါ အသုံးချလာ သည်ဟု ဦးနေဘုန်းလတ်က ဆက်ပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တိုင်းရင်းသားအင်အားစုများ၏ နယ်မြေစိုးမိုးနိုင်မှုမှာ တစ်နိုင်ငံလုံးဧရိယာ၏၅၀ ရာခိုင်နှုန်းနီးပါးရှိသည်ဟု NUG က ထုတ်ပြန်ကြေညာထားသည်။
အချို့ဒေသများကို အပြည့်အဝထိန်းချုပ်နိုင်ခြင်းမရှိသေးဘဲ နယ်မြေစိုးမိုးမှုအားကောင်းနေပြီဟု အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာခြင်းသည် ထိုးစစ်ဆင်မှုကို မြင့်တက်စေသည်ဟု နိုင်ငံရေးလေ့လာသူတစ်ချို့ကသုံးသပ်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက လေကြောင်း၊ ကုန်းကြောင်းမှ သာလွန်အင်အားသုံး၍ စစ်ကြောင်းထိုးနေသည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုင်းရင်းသားအင်အားစုများက ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်ကို ကြိုးစားကာကွယ်ပေးနေသည်ဟု NUG သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောကဆိုသည်။
“စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကို ကာကွယ်ဖို့အတွက် ကြိုတင်ပြီးတော့ အသိပေးနိုင်တဲ့ စနစ်တစ်ခုဖြစ်အောင်ကြိုးစားဆောင်ရွက်နေတယ်။ ဗုံးခိုကျင်းတွေတူးတာတွေ ကျွန်တော်တို့ဆောင်ရွက်ပေးနေတယ်”ဟု ဦးကျော်ဇော်က ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ မှစ၍ ၂၀၂၃ ဖေဖော်ဝါရီလအထိ မြန်မာနိုင်ငံတစ်ဝန်း တိုက်ပွဲပေါင်း ၈၀၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်အုပ်ချူပ်ရေးကြေညာခဲ့သော မြို့နယ် ၁၁ ခုတွင် အကြိမ် ၃၆၀ ဖြစ်ပွားခဲ့သည်ဟု ISP Myanamar ၏ စစ်တမ်းတွင် ဖော်ပြထားသည်။
ပုံစာ–ထိုးစစ်ဆင်နေသည့် ကယားပြည်နယ်က တပ်ဖွဲ့ဝင်များကို ဒုတိယစစ်ကောင်စီခေါင်းဆောင်က မတ်လ၁၅ရက်နေ့တွင် သွားရောက်တွေ့ဆုံစည်းရုံးခဲ့သည့်မြင်ကွင်း။
Photo-SN