သံလွင်ခက်
မေ ၃၊ ၂၀၂၃။
ကရင်နီပြည် ဘောလခဲမြို့တွင်းရှိ စစ်ကောင်စီတပ်များ နေရာယူထားသည့် နေရာလေးခုကို ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့သည်ဟု ဘောလခဲ PDF က ယနေ့တွင် သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည် မေလ ၁ ရက်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ကယားစစ်ဒေသ ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) အမှတ် –၁၁၀၅ တပ်ရင်းနှင့် ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) အမှတ် –၁၁၀၈တပ်ရင်းတို့ ပါဝင်သည့် ဘောလခဲခရိုင်ပူးပေါင်းဗျူဟာ စစ်ကြောင်းသည် ဘောလခဲမြို့တွင်းကို စစ်ဆင်ရေးပြုလုပ်ခဲ့သည်။
မြို့တွင်းရှိ စစ်ကောင်စီတပ်များ နေရာယူထားသည့် စစ်မှုထမ်းဟောင်းရုံး၊ လ.ဝ.ကရုံး၊ မြို့မရဲစခန်း၊ ရုပ်သံလွှင့်ဌာနတို့ကို ပူးပေါင်းစစ်ကြောင်းက မနက် ၄ နာရီ ၅၀ မိနစ်တွင် စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲကြာချိန် ၂ နာရီကျော်ခဲ့ပြီး ပြင်းထန်တိုက်ပွဲ ဖြစ်ပွားခဲ့ကာ မနက် ၇ နာရီခန့်တွင် ပူးပေါင်းတပ်များ ပြန်လည်ဆုတ်ခွာခဲ့သည်။
ထိုစီးနင်းတိုက်ခိုက်မှုတွင် စစ်မှုထမ်းဟောင်းရုံးအား မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး လ.ဝ.ကရုံးကိုလည်း ဝင်ရောက်ရှင်းလင်းရာ စစ်ကောင်စီ၏ အမှတ် ၄၃၀ တပ်ရင်းမှ စစ်ကူများ ရောက်ရှိလာသဖြင့် ပြန်လည်ဆုတ်ခွာပေးခဲ့ရသည်ဟု သိရသည်။
အဆိုပါစီးနင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ခုနစ်ဦး သေဆုံးခဲ့ပြီး ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟုဘောလခဲ PDF က ဖော်ပြထားသည်။ စစ်ကောင်စီတပ်ဖက်မှ သေဆုံးအလောင်းများနှင့် ဒဏ်ရာရလူများအားပြန်လည် ဆွဲယူသွားခဲ့ပြီး မေလ ၂ ရက်တွင် အဆိုပါလူနာများအား ရဟတ်ယာဉ်ဖြင့် လာရောက်ခေါ်ဆောင်သွားခဲ့သည်ဟု သိရသည်။
ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ G4 တစ်လက်၊ AK 22 တစ်လက်၊ G4 ကျည်ဘောက် ခြောက်ဘောက်၊ AK ကျည်ဘောက် သုံးဘောက်၊ လက်ပစ်ဗုံး တစ်လုံးနှင့် ကျည်ဆံအချို့တို့ကို သိမ်းဆည်းရမိခဲ့သည်။ တိုက်ပွဲအတွင်းဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) အမှတ်–၁၁၀၅ တပ်ရင်းမှ ရဲဘော် နှစ်ဦး ကျဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာပြင်းထန်ရရှိခဲ့သည်ဟု ဘောလခဲပြည်သူ့ကာကွယ်ရေတပ်ဖွဲ့(အမှတ်–၁၁၀၅)က ထုတ်ပြန်ထားသည်။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/903
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.com/?p=3991
Website ->https://eng.thanlwinkhet.net