မြန်မာနိုင်ငံတွင်းမှ ငွေလိမ်ဂိုဏ်းများလုပ်ကိုင်နေကြသူများအနေဖြင့် ၎င်းတို့နေရာတွင် ဘာဖြစ်နေသည်ကို ကမ္ဘာ ကြီးကမသိစေလိုပေ။ ငွေလိမ်ဂိုဏ်းခေါင်းဆောင်သူဌေးများကလည်း ၎င်းတို့၏ရာဇဝတ်မှုများကို ဖုံးကွယ်နိုင်ရန် ကြိုးစားလျက်ရှိသောကြောင့် မည်သူမဆို၏ဖုန်းများကိုသိမ်းယူပြီးနောက် အလုပ်လုပ်သောပစ္စည်းများကို ၎င်းတို့ မထွက်ခွာမီမှာပင် ရှင်းလင်းပစ်လေ့ရှိသည်။
ဂျိန်းနှင့်မက်စ် အမည်ရှိ ဖိလစ်ပိုင်နိုင်ငံသားနှစ်ဦးသည် မြန်မာ-ထိုင်းနယ်စပ်တလျှောက်ရှိ ရာဇဝတ်ဂိုဏ်းများထဲမှ တစ်ခုတွင် အတင်းအကျပ်အလုပ်စေခိုင်းခံခဲ့ရလေသည်။ ဇူလိုင်လအစောပိုင်း ၎င်းတို့အားပြန်မလွတ်ပေးခင်အချိန် အထိ ဒဏ်ရာများပျောက်ကင်းရန် ၁၀ ရက်စောင့်ဆိုင်းခဲ့ရလေသည်။
“ကျွန်မတို့ရထားတဲ့ဒဏ်ရာတွေကြောင့် ကျွန်မတို့ကို ဆက်ပြီးဖမ်းထားကြတယ်”ဟု ဂျိန်းက သူမ၏ ကျောနှင့်ပုခုံး မှဒဏ်ရာများကိုပြပြီးပြောသည်။ “သူတို့က ဒီဒဏ်ရာတွေ ဘယ်သူ့ကိုမှ မမြင်စေချင်ကြဘူး” ထိုသို့ကြိုးစားဖုံးကွယ်ထားသော်လည်း ညှဥ်းပမ်းနှိပ်စက်ထားမှုအထောက်အထားများ ပိုပြီးတိုးလာနေခဲ့ပါသည်။
လူကုန်ကူးခံထားရသူများနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးတက်ကြွလှုပ်ရှားသူများက This Week in Asia သို့ပေးပို့ သော ဗီဒီယိုဖိုင်များတွင်တော့ လျှပ်စစ်လျှော့တိုက်ခြင်း ၊ ရိုက်နှက်ခြင်း ၊ အလုပ်သမားများအား လက်ထိတ်ခတ် ခြင်း၊ မျက်နှာကိုအဝတ်စည်းနှောင်ကာ သိပ်သည်းကြပ်တည်းသောအခန်းများတွင် အိပ်စက်ရခြင်းများ တွေ့ရပါ သည်။
၎င်းဗီဒီယိုများသည် ဖုန်းကင်မရာများဖြင့်ရိုက်ကူးထားခြင်းဖြစ်ပြီး အချိန်နှင့်နေရာကိုတော့ အတည်ပြုနိုင်ခြင်းမရှိ သေးသော်လည်း ကရင်ပြည်နယ် ၊ မြဝတီမြို့နယ်နှင့် ၎င်းအနီးပတ်ဝန်းကျင်များရှိ ငွေလိမ်ဂိုဏ်းများမှကျူးလွန်ထား သော ညှဥ်းပမ်းနှိပ်စက်မှုများဖြစ်ပြီး ယင်း၏ဆိုးရွားလှသောရုပ်ပုံများကို ဖော်ပြနေပါသည်။
ကမ္ဘာတစ်ဝှမ်းမှ သောင်းနှင့်ချီသောအလုပ်သမားများသည် ထိုလုပ်ငန်းများတွင်လူကုန်ကူးခံနေရပြီး ၂၀၁၉ ခုနှစ် ဝန်းကျင်တွင် စတင်အမြစ်တွယ်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ပိုမိုဆိုးရွားလာခဲ့ သည်။
“ဒီမှာက စက္ကန့်နဲ့အမျှ ညှဥ်းပမ်းနှိပ်စက်ခံနေရသလိုပဲ”ဟု နီပေါလ်နိုင်ငံမှလူကုန်ကူးခံခဲ့ရသူ Ashraf က ၎င်းမလွတ် မြောက်မီဇူလိုင်လနှောင်းပိုင်းကပဲ This Week in Asia သို့ပြောကြားခဲ့သေးသည်။ အချို့သူများကတော့ သေလောက်အောင်အထိ နှိပ်စက်ခံခဲ့ရသည်။
ဂရေ့စ်မာတာသည် မြဝတီဧရိယာအတွင်းရှိ KK Park သို့ ပြီးခဲ့သောနှစ်ဇူလိုင်လတွင် လူကုန်ကူးခံခဲ့ရသည်။ လေးလကြာပြီးနောက်မှာတော့ အသက် ၂၂ နှစ်အရွယ် ကင်ညာနိုင်ငံသူ မာတာသည် သတိလစ်နေလျက်ဖြင့် ထိုင်း နိုင်ငံသို့ ပို့ဆောင်ခံခဲ့ရကာ သေလုနီးပါးဒဏ်ရာဖြင့် ထိုင်းနိုင်ငံ မဲဆောက်ရှိဆေးရုံတစ်ရုံတွင် တင်ထားခဲ့ရသည်။ နောက်ထပ်နှစ်ပတ်အကြာမှာတော့ သူမကွယ်လွန်ခဲ့ရရှာသည်။
အဆိုပါကင်ညာနိုင်ငံသူသည် KK Park အတွင်းရှိ ဆေးရုံတစ်ရုံတွင် မအောင်မြင်သောတရားမဝင်ခွဲစိတ်မှုခံခဲ့ရ ကြောင်း မဲဆောက်အခြေစိုက် လူကုန်ကူးမှုတိုက်ဖျက်ရေး NGO Global Alms မှအမှုဆောင်အရာရှိချုပ် Mechelle Moore ကပြောသည်။
“သူမရဲ့မိသားစုကို ဒီကိုခေါ်ဖို့ကြိုးစားခဲ့ပေမယ့် အချိန်မလောက်တော့ဘူး။ နောက်ဆုံးတော့ ကျွန်မကပဲ စက်ကိုပိတ် လိုက်ရတယ်” ဟု သူမကပြောသည်။ ထိုင်းနိုင်ငံရှိကင်ညာသံရုံးက Moore ကို မာတာအတွက် ကိုယ်စားလှယ်လွှဲစာ ထုတ်ပေးခဲ့လေသည်။ “ကျွန်မကပဲ ပိုက်ကိုဖြုတ်ပေးလိုက်ရတယ်။ နောက်တော့လည်း သူမဆုံးပါးသွားတာကို ကျွန်မကြည့်နေလိုက်ရတော့တယ်”ဟု သူမကပြောသည်။
KK Park သို့ခွဲစိတ်ရန်ခေါ်ယူခံခဲ့ရသော မာတာအား ဆရာဝန်များက သူမထံမှ ကိုယ်အင်္ဂါအစိတ်အပိုင်းများထုတ် ယူရန် ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Moore ကယုံကြည်နေသည်။ ထိုအပြုအမူမျိုးကို ပြန်လည်လွတ်မြောက်လာ သူများထံမှ ကြားခဲ့ရသည်ဟု This Week in Asia သို့ပြောသည်။ KK Park သို့ ယခုနှစ်အတွင်း အသစ်ရောက်ရှိလာ ကြသည့် လူကုန်ကူးခံခဲ့ရသူများသည် မဖြစ်မနေသွေးစစ်ဖို့လိုအပ်ကြောင်း ဂျိန်းကပြောသည်။ ထိုသို့လုပ်ဆောင် ခြင်းက ခန္ဓာကိုယ်အစိတ်အပိုင်းများထုတ်ယူရန်ပြုလုပ်ခြင်းဖြစ်သည်ဟု အများစုကယုံကြည်နေကြကြောင်း ဂျိန်းကဆိုသည်။
ငွေကြေးလိမ်လည်မှုလုပ်ငန်းကြီးတစ်ခုလုပ်ကိုင်ရန် အလုပ်သမားအများအပြားလိုအပ်ပါသည်။ ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားပြီးနောက်ပိုင်း အဓိကအားဖြင့် အင်္ဂလိပ်နှင့်တရုတ်စကားပြောတတ်သော အလုပ်သမားများလိုအပ်လာခဲ့ သည်။
ထိုသို့သောခြံဝန်းကြီးများအတွင်းသို့ လူကုန်ကူးခံရသူအများစုအနေဖြင့် အလွန်နောက်ကျပြီးမှသာ ၎င်းတို့သည် မြန်မာနိုင်ငံပိုင်နက်အတွင်းသို့ရောက်နေသည်ကို သိကြရရှာသည်။ ဖိလစ်ပိုင်လူငယ်တစ်ဦးဖြစ်သူ ဂရေးသည် မြန် မာနိုင်ငံတော်အလံလွှင့်ထူထားသည်ကိုတွေ့ရတော့မှသာ သူရောက်နေသည်က ထိုင်းနိုင်ငံမဟုတ်တော့ကြောင်း သိခဲ့ရလေသည်။
ဂရေးသည် ဘန်ကောက်သို့ရောက်ခဲ့ပြီးနောက် ထိုင်းနိုင်ငံကိုဖြတ်သန်းပြီး မြန်မာနိုင်ငံသို့ခရီးထွက်ခဲ့လေသည်။ အများစုသည် ထိုလမ်းကြောင်းအတိုင်း လူကုန်ကူးခံနေရပါသည်။ နီပေါလ်နိုင်ငံသား Ashraf ကဲ့သို့သော လူ နည်းစုကတော့ မြန်မာနိုင်ငံ၏အကြီးဆုံးမြို့တော် ရန်ကုန်မြို့ကိုရောက်လာခဲ့ပြီးနောက် စစ်ဖြစ်နေသောနယ်မြေကို ကားဖြင့်ဖြတ်သန်းရာတွင် လူကုန်ကူးခံခဲ့ရခြင်းဖြစ်သည်။
ထိုင်းနိုင်ငံသို့ရောက်နေခဲ့ပြီထင်သော Ashraf သည် သူရောက်ရှိနေပြီး ခြောက်လကြာသည့်တိုင် သူရောက်နေတာ ဘယ်နေရာမှန်းမသိခဲ့ပေ။ “ဒါ ဘယ်နိုင်ငံလဲ? ကျွန်တော့်ကိုပြောပြကြပါဦး” ဟု သူရောက်နေသည့် Location ကို တိုက်ရိုက်လွှင့်ပြီး ပြီးခဲ့သောဇွန်လကပဲ This Week in Asia သို့မေးခဲ့ရသေးသည်။
လူကုန်ကူးခံခဲ့ရသော တောင်အာရှမှလူများကိုယ်စား လူကုန်ကူးခြံဝန်းကြီးအတွင်းမှစကားပြောခဲ့သည့် အိန္ဒိယ လူ မျိုး အာရ်ဂျွန်း က ၎င်းတို့အနေဖြင့် မတ်လမှစပြီး လစာငွေမရရှိတော့ကြောင်းဖြင့်ပြောသည်။ ဧပြီလမှာတော့ သူတို့ လူတစ်စု သပိတ်မှောက်ခဲ့ကြပြီး ထိုအချိန်မှစကာ သူတို့အား လျှပ်စစ်မီးမရှိသောအခန်းတစ်ခန်းထဲတွင် သုံးရက် ကြာ အစာမကျွေးဘဲပိတ်ထားခဲ့သည်။ အဆိုပါအဖွဲ့၏လုံခြုံရေးကြောင့် လူကုန်ကူးခြံဝန်းကြီး၏အမည်ကို ထုတ် ဖော်မပြောသေးခြင်းဖြစ်သည်။
“အဲဒီကုမ္ပဏီက ကျွန်တော်တို့တွေကို တိရစ္ဆာန်တွေလို ဆက်ဆံကြတယ်။ ကျွန်တော်တို့ကိုကူညီဖို့ ကျွန်တော်တို့ တောင်းပန်ပါတယ်”ဟု သူကရေးသားခဲ့သည်။အာရ်ဂျွန်းက ရန်ကုန်ရှိအိန္ဒိယသံရုံးသို့ အကူအညီတောင်းခံခဲ့သည့် အဆက်အသွယ်များနှင့် အိန္ဒိယသံရုံးက မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ အကူအညီပြန်တောင်းသည့် ပြီးခဲ့သောဧပြီလကစာကိုလည်း This Week in Asia သို့ ပြသခဲ့သည်။
အာရ်ဂျွန်းကိစ္စအကြောင်း သံရုံးထံမေးမြန်းကြည့်ရာမှာတော့ လုပ်ရကိုင်ရသည်မှာ လွန်စွာခက်ခဲနေကြောင်း အမည် မဖော်လိုသော သံရုံးကိုယ်စားလှယ်တစ်ဦးကပြောသည်။
“အဲဒီလိုနေရာမျိုးတွေဆိုတာ ရဲတွေသွားပြီး လူတွေကိုပြန်ကယ်လို့ရတဲ့နေရာမျိုးတွေမဟုတ်ဘူး။ အဲဒီလို လူကုန် ကူးခြံဝန်းကြီးတွေအပေါ် အစိုးရက တိုက်ရိုက်ဩဇာမသက်ရောက်ဘူး”ဟု ပြီးခဲ့သောနှစ်နှစ်က နိုင်ငံတော်အာဏာ မတရားသိမ်းယူခဲ့သော စစ်ကောင်စီကိုရည်ညွှန်းပြီး သူကပြောသည်။
တရားဥပဒေစိုးမိုးမှုများမရှိသောကြောင့် အစိုးရများနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများအနေဖြင့်ကလည်း လူကုန်ကူးခံရသူများကိုယ်တိုင် ထိုင်းနိုင်ငံသို့ရောက်လာမှသာ ကူညီနိုင်ကြသည်။
အလုပ်သမားများပြန်လည်ရောက်ရှိနိုင်ရေးအတွက် အမြန်ဆုံးနှင့်အလွယ်ဆုံးနည်းလမ်းမှာ ထိုငွေလိမ်ဂိုဏ်းများ အပေါ် လူကုန်ကူးခံရသူများက မည်သည့်ပဏာမငွေရှာပေးထားသည်ဆိုသည့်အနက်မှ မြင့်မားလှသော သူတို့အား သယ်ယူကုန်ကျစရိတ်များကိုနှုတ်ကာတွက်ချက်ပြီး စာချုပ်ဖျက်သိမ်းခအဖြစ် ငွေကြေးအများအပြားပေးဆောင် ခြင်းသာဖြစ်သည်။
အလုပ်သမားများသည် ၎င်းတို့၏စုဆောင်းငွေများအားလုံးထုတ်ယူ၊ ချေးငွေများထုတ်ယူ သို့မဟုတ် မိသားစုနှင့် ဆွေမျိုးများထံမှချေးယူကာ လူကုန်ကူးသူများကိုပေးရလေ့ရှိသောကြောင့် အကြွေးများဖြင့်ပိနေကြသည်။ ထိုနည်း လမ်းဖြင့် Ashraf သည် အမေရိကန်ဒေါ်လာတစ်သောင်းကျော်ပေးဆောင်ကာ ဇူလိုင်လလယ်တွင် ပြန်လည်လွတ် မြောက်လာခဲ့သည်။
လစာမြင့်မားစွာပေးမည်ဟုကတိပြုထားသော်လည်း အများစုကတော့ ၎င်းတို့အလုပ်မဝင်ခင်အခြေအနေထက် ပိုမို ဆိုးရွားသော ဘဏ္ဍာရေးဆိုင်ရာအခြေအနေများနှင့် ရင်ဆိုင်ခဲ့ကြရသည်။
“ကျွန်မတို့ရရမယ့် လုပ်ခလစာတွေကို သူတို့ကမပေးကြဘူး။ ကျွန်မတို့ပိုက်ဆံတွေ သူတို့ခိုးကြသလို ကျွန်မတို့ပိုင် လက်ဝတ်ရတနာတွေကိုလည်း ခိုးကြတယ်”ဟု ဂျိန်းကပြောသည်။
မြန်မာနိုင်ငံရှိငွေလိမ်ဂိုဏ်းများမှ လွတ်မြောက်လာသောအခါ ထိုင်းနိုင်ငံဘက်သို့ပြန်ရလေ့ရှိသောကြောင့် ထိုသူများ ကို NGO များကကူညီပါကလည်း NGO များကိုယ်တိုင်ကပင် လူကုန်ကူးသူများဟုစွပ်စွဲခံရနိုင်ပါသည်။
အခြေအနေများကို ပိုပြီးဆိုးရွားစေသောအချက်က လူကုန်ကူးခံရသူအများစုသည် ထိုင်းနိုင်ငံသို့ ကမ္ဘာလှည့်ခရီး သည်များအဖြစ်ဝင်ရောက်လာပြီးမှ မြန်မာနိုင်ငံသို့ခေါ်ဆောင်ခံရခြင်းဖြစ်သောကြောင့် ၎င်းတို့၏ပြည်ဝင်ခွင့်ဗီဇာ များသက်တမ်းကုန်လွန်ပြီး အချိန်အလွန်ကြာမှသာ ထိုင်းနိုင်ငံသို့ပြန်ရောက်ခြင်းဖြစ်သည်။ ထို့ကြောင့် သက်တမ်း ကျော်လွန်နေထိုင်သည့်စွပ်စွဲချက်များဖြင့်ရင်ဆိုင်ရပြီး လူဝင်မှုကြီးကြပ်ရေးအရာရှိများထံ သွားရောက်ဖမ်းဆီးခံရ ပြီး ထောင်ချ၊ ဒဏ်ရိုက်ခံရကာ ထိုင်းနိုင်ငံသို့လာရောက်ခွင့် ယာယီပိတ်ပင်ခံရသည်။
နောက်ထပ်ရွေးချယ်စရာနည်းလမ်းတစ်ခုကတော့ လူကုန်ကူးခံရသူများအတွက်စီစဥ်ပေးရန် လွန်ခဲ့သောနှစ်ကထူ ထောင်ခဲ့သည့် ထိုင်းနိုင်ငံ၏ National Referral Mechanism သို့ဆက်သွယ်ရန်ဖြစ်ပြီး လပေါင်းများစွာကြာသည် အထိ စုံစမ်းစစ်ဆေးမှုများ ခံယူရန်ဖြစ်သည်။
၎င်းက အကူအညီပေးထားသော လူပေါင်း ၄၅၀ ကျော်အနက် ၉၀ ရာခိုင်နှုန်းသည် တရားဝင်တိုင်ကြားတာမျိုးမရှိ ဘဲ လူဝင်မှုကြီးကြပ်ရေးအရာရှိများထံ သွားရောက်ဖမ်းဆီးခံပြီး မိမိတို့နေအိမ်သို့အမြန်ဆုံးပြန်လိုကြောင်း Moore ကပြောသည်။
“ဒါတွေအားလုံးက ပုန်းလျှိုးကွယ်လျှိုးဖြစ်နေတာမဟုတ်ဘူးနော်။ အားလုံးက လူသိရှင်ကြားဖြစ်နေတာ။ ဒီပြဿ နာက ဘယ်လောက်ကြီးသလဲဆိုတာတောင်မသိဘူး”ဟု၎င်းကပြောသည်။
ဘုန်းမောင်
“South China Morning Post” တွင်ဖော်ပြထားသော “Survivors of Myanmar’s scam mills talk torture, death, organ harvesting- and the battle to escape” ကို ဆီလျော်အောင်ရေးသားသည်။