မုန်းဒေသခံများ စစ်ဘေးနှင့်အတူ ရေဘေးဒဏ်ပါကြုံနေရ
******************************
သံလွက်ခက်။
အောက်တိုဘာ ၁၃၊ ၂၀၂၃။
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်က ဒေသခံများသည် စစ်ဘေးတိမ်းရှောင်မှုများနှင့်အတူ ရေဘေးဒဏ် ကိုပါ ခံစားနေရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက်ကနေ ၁၀ ရက်အထိ မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် မုန်းမြို့နယ်ရှိ ကျေးရွာတချို့ ရေကြီး၊ ရေနစ်မြုပ်မှုများကြုံခဲ့ရသည်။
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဒေသခံများစိုက်ပျိုးထားသည့် စပါး၊ မတ်ပဲ၊ မြေပဲအစရှိသည့် ကောက်ပဲ သီး နှံယာခင်းများ ရေနစ်မြုပ်ကာ ပျက်စီးမှုများနှင့်ကြုံနေရသည်ဟု မုန်းမြို့နယ် ကရင်အရေးပေါ် ကူညီကယ်ဆယ် ရေးကော်မတီတာဝန်ခံက သံလွင်ခက်သတင်းဌာနကို ပြောသည်။
၎င်းက ” ပြည်သူလူထုအနေနဲ့ အရမ်းနဲ့ခက်ခဲတာတွေလည်းတွေ့ရတယ်။ ဘာလို့လဲဆိုတော့ စစ်ကလည်းရှောင်ရ၊ အခု ရေကလည်းထပ်ကြီးပြန်၊ စိုက်လို့ရထားတဲ့ အသီးအနှံတွေကျတော့လည်း အခုက တချို့ဆိုရင် ပြန်ရမယ် မရ ဘူးဆိုတာက ပြောလို့မရဘူး ” ဟုဆိုသည်။
မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် သပြေညွန့်၊ ကျောက်ကြီးပေါက်၊ မန်ကျီးတော၊ လေလံကုန်း၊ တောပု၊ ဇီးကုန်း၊ ကြက်တက်ညောင်ပင်၊ ဒိုက်ပုံ၊ ညောင်ပင်သာ စသည့် ကျေးရွာ ၉ ရွာက ဒေသခံများသည် ရေဘေးသင့်မှုဒဏ်ကို ခံစားနေရသည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU က အောက်တိုဘာလ ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။
ထို့ပြင် ဒိုက်ပုံ၊ ဇီးကုန်း၊ တောပု၊ လေလံကုန်း ၊ ကျောက်ကြီးပေါက်စသည့် ကျေးရွာများက စာသင်ကျောင်းများ လည်း ပိတ်ထားရသည်ဟု KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မုန်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်များကြား နေ့စဉ်နီးပါး တိုက်ပွဲများဖြစ်ပွားနေသည့် အပြင် စစ်ကောင်စီတပ်များက ကျေးရွာများကို လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်လျက်ရှိသည်ဟုဆိုသည်။
ထို့ကြောင့် ယခုနှစ် မေလ ၁၀ ရက်ကစ၍ မုန်းမြို့နယ်ရှိ ကျေးရွာ ၂၀ ကျော်က ဒေသခံ ၂၀၀၀၀ ကျော် စစ်ဘေး တိမ်းရှောင်နေရသည်ဟု KNU ၏ ထုတ်ပြန်ချက်များအရ သိရသည်။
စစ်ဘေးတိမ်းရှောင်နေသည့်ရွာများ၌ ထပ်မံ၍ ရေကြီးနေပြန်သဖြင့် နေထိုင်စားသောက်ရေးတွင် အခက်အခဲများ ကြုံတွေ့နေရသည်ဟု စစ်ရှောင်ဒေသခံ ၁ ဦးက ပြောသည်။
၎င်းက ” ပြန်မရလို့ အဲ့ရွာတွေမှာ မှီခိုပြီး နေပါတယ်ဆိုမှ အဲ့မှီခိုတဲ့ ရွာတွေက ထပ်ပြီးတော့ ရေ ၁ ခါ ထပ်ပြန်ကြီးတဲ့အခါကျတော့ လာမှီခိုတဲ့ သူတွေကျတော့လည်း အရမ်းနဲ့ ဒုက္ခရောက်တယ်။ စားစရာမရှိ၊ ရေက ထပ်ကြီးတဲ့ အခါကျတော့ အရမ်းကို ဒုက္ခရောက်ရတယ် ” ဟုဆိုသည်။
ရေဘေးဒဏ်ခံစားနေရသော မုန်းမြို့နယ်ရှိ ဒေသခံများအနေဖြင့် လက်ရှိတွင် အအေးမိကာ ဖျားနာမှုများ ဖြစ်ပွားနေသည့်အတွက် ဆေးဝါးနှင့် အမိုးအကာများ လိုအပ်လျက်ရှိသည်ဟု ကူညီသူများထံက သိရသည်။
ပုံစာ – မုန်းမြို့နယ် ၊ ဇီးကုန်းကျေးရွာအတွင်း ရေကြီးနေသည့်မြင်ကွင်း။
Photo – ညောင်လေးပင်ခရိုင် ( ခလယ်လွီထူခရိုင် ) − သတင်းနှင့်ပြန်ကြားရေး။