ကောလင်းမြို့စစ်ရှောင် ၅ သောင်းခန့် စားရိက္ခာလိုအပ်နေ
*****************************
သံလွင်ခက်
နိုဝင်ဘာ ၇ ၊ ၂၀၂၃ ။
တော်လှန်ရေး ပူးပေါင်းတပ်များက ထိန်းသိမ်းနိုင်ခဲ့သည့် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့တွင် စစ်ဘေးရှောင်ပြည်သူ ၅ သောင်းခန့်ရှိပြီး အခြေခံစားသောက်ကုန်များ လိုအပ်နေသည်ဟု သိရသည် ။
ကောလင်းမြို့အားNUG အစိုးရမှအပြည့်အဝ ထိန်းသိမ်းနိုင်ခဲ့ပြီဖြစ်ပြီး မြို့အားလတ်တလောစစ်ရေးအခြေအနေအရ(လေကြောင်းအန္တရာယ်အရ) ပြည်သူများအားမြို့တွင်းသို့ပြန်လည်နေထိုင်ခွင့်မပြုသေးဘဲ မြို့နယ်အတွင်းရှိပအဖနှင့်ကာကွယ်ရေးတပ်များမှ စောင့်ရှောက်ထားကြောင်းအကြမ်းဖျင်းသိရသည်ဟု ကောလင်းမြို့ KR Teams က ယနေ့နံနက်ပိုင်၌ သတင်းဖော်ပြထားသည် ။
ထို့ပြင် မြို့တွင်းမှပြည်သူ အကုန်နီးပါးကယ်ထုတ်ထားနိုင်ခဲ့ပြီးတိုက်ပွဲတွင်း၌ ဝန်းသို(၁၂၀) တပ်ရင်းမှပစ်သော ဟောင်ဝှစ်ဇာ၊လေကြောင်း တိုက်ခိုက်မှုများနှင့် တိုက်ပွဲတွင်းပစ်ခတ်မှုများကြောင့်
ပြည်သူများလည်းထိခိုက်မှုရှိပြီး ပြည်သူသေဆုံးမှူ ၁၀ဦးခန့်ရှိပြီး အတိအကျ အတည်မပြုနိုင်သေးဟု ဆိုသည် ။
ကောလင်းမြို့ရှိ စစ်ရှောင် ခန့်မှန်းအင်အား ၅၀၀၀၀ အား မြို့နယ်ပအဖအဖွဲ့မှ ထိန်းသိမ်းစောင့်ရှောက်နေရပြီး ဆက်သွယ်ရေးလမ်းပိတ်ဆို့မှုကြောင့် စားသုံးဆီ ၊ စက်သုံးဆီ၊ဆေးဝါး နှင့် ခြုံစောင်များ အခြေခံစားသောက်ကုန်များလိုအပ်နေသည်ဟု KR Teams ကဖော်ပြထားသည် ။
စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင် မြို့တော်၊ ကောလင်းမြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ ကာကွယ်ရေးတပ်မတော်(PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နှင့်မဟာမိတ်တပ်သားများက နိုဝင်ဘာ ၃ရက်တွင် စစ်ဆင်ရေးဖော်ဆောင်ခဲ့ပြီး ယမန်နေ့ နိုဝင်ဘာလ (၆) ရက်နေ့တွင် သိမ်းပိုက် ရရှိခဲ့သည် ။
အမှတ်(၁) စစ်ဒေသ၊ ကောလင်းခရိုင်ကွပ်ကဲရေး အစီအစဥ်ဖြင့် ပြည်သူ့ ကာကွယ်ရေးတပ်မတော်(PDF)နှင့်မဟာမိတ် ပူးပေါင်း တပ်ဖွဲ့များက ကောလင်းမြို့ရှိ ကောလင်းရဲစခန်း၊ အထွေထွေ အုပ်ချုပ်ရေးရုံး၊ အထက်တန်းကျောင်း၊ မြေစာရင်းရုံး၊ မြန်မာ့စီးပွားရေးဘဏ်တို့ကို အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည် ။
*********
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2330
YouTube- > https://youtu.be/SpxIBpTYop8
Website -> https://thanlwinkhet.com/?p=6109