ကရင်နီပြည် မြို့လေးမြို့၌တိုက်ပွဲဖြစ်ပွား
*******************************
သံလွင်ခက်
နိုဝင်ဘာ ၁၁ ၊ ၂၀၂၃ ။
ကရင်နီပြည် လွိုင်ကော်၊ မိုးဗြဲ၊ နန်းမယ်ခုံ ၊ ဖယ်ခုံစသည့်မြို့များဘက်တွက် ယနေနံနက်အစောပိုင်းကတည်းက လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများကြားရပြီး တိုက်ပွဲ ဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည် ။
လွိုင်ကော်မြို့ရပ်ကွက်တချို့နှင့် မြို့အနီးပတ်ပတ်လည်နေရာများတွင် ယနေ့နံနက် ၅ နာရီခွဲကတည်းက ပစ်ခတ်သံများကြားနေရသည်ဟု လွိုင်ကော်မြို့ နံနက်တောရပ်ကွက်မှ ဒေသခံအမျိုးသမီးတစ်ဦးကပြောသည် ။
” မနက်အစောထဲက ပစ်နေကြတော့ ဘာမှထွက်ဝယ်လို့မရဘူး ။ ထမင်းလည်း မချက်ရဘူး ။ အိမ်ထဲမှာပဲ အသံတွေ နားထောင်နေရတာ။ အခုထိလည်း လက်နက်ကြီး လက်နက်ငယ်သံတွေက မပြတ်ဘူး။ ဘယ်မှလည်း မပြေးလို့မရဘူးလေ။ ရွာဘက်တွေမှာလည်း ဖြစ်နေတော့ “ဟု ၎င်းက နံနက် ၁၁ နာရီခွဲခန့်တွင်ပြောသည် ။
လွိုင်ကော်မြို့ပေါ်တွင် နံနက်အစောပိုင်းကတည်းက ဆိုင်တချို့ပိတ်ထားကြပြီး အများစုလည်း အပြင်မထွက်ကြဘူးဟု လွိုင်ကော်မြို့ခံ အမျိုးသားတစ်ဦးကပြောသည် ။
” တိုက်ပွဲနဲ့နီးတဲ့ ရပ်ကွက်တွေတော့ ။ လက်နက်ကြီးကျတာမျိုးရှိတယ်တဲ့။ မနက်က ဆက်တိုက်ဆိုပေမယ့် ခုမကြားရတော့ဘူး ။ ဖြစ်နေတဲ့ နေရာတွေမှာတော့ မပြောတတ်ဘူး “ဟု လွိုင်ကော်မြို့ပေါ် ရပ်ကွက်မှ အမျိုးသားတစ်ဦးကပြောသည် ။
လွိုင်ကော်မြို့နည်းတူ မိုးဗြဲ ၊ နန်းမယ်ခုံ ၊ ဖယ်ခုံ မြို့ဘက်တွင်လည်း ပစ်ခတ်သံများကြားနေရသည်ဟု ဒေသခံများကပြောသည် ။
လက်တလောတွင် အဝေးရောက်နေသည့် ဖယ်ခုံမြို့ဒေသခံ အမျိုးသမီးတစ်ဦးက ယနေ့နံပိုင်းတွင် ဖယ်ခုံမြို့ပေါ်၌ တိုက်ပွဲဖြစ်ပွားနေမှုကို မြို့ခံများဆီမှ သိရသည့်အခြေအနေအား “ဖယ်ခုံက အသိတွေပြောပြတယ် ။ မနက်ထဲကနေ အခုထိဖြစ်နေတာတဲ့ ” ဟု နံနက် ၁၁ နာရီကျော်အချိန်တွင်ပြောသည်။
မိုးဗြဲမြို့မှ ဒေသခံအမျိုးသားတစ်ဦးကလည်း
” မနက်ကတည်းက မိုးဗြဲ ၊ နန်းမယ်ခုံ ၊ လွိုင်ကော် တပြိုင်ထဲ လက်နက်သံကြားရတယ် “ဟု ပစ်ခတ်သံများကြားသိရမှုကိုပြောသည် ။
ကရင်နီပြည်တွင် ယနေ့နက်ပိုင်းကတည်းက တိုက်ပွဲများဖြစ်ပွားနေရာ စစ်ကောင်စီဘက်မှ လကြောင်းပစ်ကူလာသည့်သတင်းများတွေ့နေရပြီး လေကြောင်းမှတိုက်ခိုက်မှု ရှိ၊ မရှိ ကို နံနက် ၁၁ နာရီခွဲအချိန်ထိ အတိအကျ မသိရှိရသေးပေ ။
*********
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2372
YouTube- > https://youtu.be/SpxIBpTYop8
Website -> https://thanlwinkhet.com/?p=6168