မြောက်ဦးခရိုင်ရဲစခန်းကို AA တိုက်ခိုက်သိမ်းပိုက်
***********************************
မိခိုင်
ဒီဇင်ဘာ ၂၇ ၊ ၂၀၂၃။
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ မြောက်ဦးခရိုင်ရဲစခန်းအား ယမန်နေ့ ဒီဇင်ဘာ ၂၆ ရက်၊ ည ၉ နာရီခန့်တွင် ရက္ခိုင့်တပ်တော် – AA က အပြီးသတ်သိမ်းပိုက်လိုက်ကြောင်း ထုတ်ပြန်ထားသည်။
” ရက္ခိုင့်တပ်တော်အနေဖြင့် ဒီဇင်ဘာလ ၂၆ ရက်တွင် မြောက်ဦးခရိုင်ရဲစခန်းအား ည ၉ နာရီခန့်တွင် အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီး ပလက်ဝအတွင်းရှိ “ခဝဲဗျူဟာကုန်း” ကိုလည်း အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည် ” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြောက်ဦးမြို့ကို စစ်ကောင်စီက ည ၇ နာရီခန့်တွင် လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သည့်အတွက် စစ်ရှောင် ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ၁ ဦးသေဆုံးခဲ့ကြောင်း ရက္ခိုင့်တပ်တော် ကဆိုသည်။
ယင်းနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော်၏ထုတ်ပြန်ချက်တွင် ” စစ်ဘေးရှောင်ပြည်သူများ ခေတ္တခိုလှုံနေသည့် ဘုရားပေါ်ဘုန်းကြီးကျောင်းဝန်းထဲရှိ ဓမ္မာရုံအား ရန်သူက ဒရုန်းဖြင့်တမင်ရည်ရွယ်ကာ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် စစ်ဘေးရှောင်ကလေးငယ် ၃ ဦး နှင့် သက်ကြီးပိုင်းအမျိုးသမီး ၁ ဦး သေဆုံးခဲ့ရပြီး ၂ ဦးမှာ ထိခိုက်ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည် ” ဟု ဖော်ပြထားသည်။
လွန်ခဲ့သည့် ၃ ရက်ခန့်ကလည်း မြောက်ဦးရှိ စစ်ကောင်စီ၏တပ်ရင်းများက လက်နက်ကြီးများအသုံးပြုပြီး အရပ်သားများကို ဦးတည်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် မြောက်ဦးဒေသခံ ၉ ဦး သေဆုံးခဲ့ကာ ၁၆ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု AA က ဆိုသည်။
ယမန်နေ့ ညနေ ၄ နာရီဝန်းကျင်တွင်လည်း စစ်ကောင်စီတိုက်လေယာဉ် ၁ စီးက မြောက်ဦးမြို့ပေါ်ရှိ လူနေအိမ်နှင့် ရပ်ကွက်များကို လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ယင်းအပြင် မြောက်ဦးအခြေစိုက် စကခ ၉ လက်အောက်ခံ တပ်ရင်းများကလည်း လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သည့်အတွက် လေးမြို့စားကျေးရွာ၊ ထမ္မရာဇ်ရပ်ကွက်အတွင်းရှိ ခရိုင်ရုံးနှင့် ထွေအုပ်ရုံးတို့ မီးလောင်ကျွမ်းခဲ့သည်။
ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ မြောက်ဦးမြို့ရှိ ၊ ကျောက်ရစ်ကေခွဆုံအနီးတွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရ သည်။
ယနေ့ နံနက် ၁၁ နာရီအထိ မြောက်ဦးမြို့တွင်တိုက်ပွဲရပ်တန့်နေပြီး ဒေသခံများမှာလည်း ဘေးလွတ်ရာသို့ ဆက်လက်ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံ ၁ ဦးက ဆိုသည်။
” လက်ရှိအထိတော့ တိုက်ပွဲက ရပ်နေတယ်။ လက်နက်ကြီးသံတွေလည်း မကြားရသေးဘူး။ ဒေသခံတွေကတော့ ဘေးလွတ်ရာကို ပြေးနေကြတယ် ” ဟု ပြောသည်။
စစ်ကောင်စီတပ်များသည် ၎င်းတို့၏လုပ်ရိုးလုပ်စဥ်ကိစ္စတစ်ရပ်ဖြစ်သော မြို့ရွာများကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုများ နေ့စဥ်လုပ်ဆောင်နေသည်သာမက ကမ္ဘာ့ယဥ်ကျေးမှုအမွေအနှစ်များကိုလည်း တိုက်ခိုက်ခြင်းဖြင့် စစ်ရာဇဝတ်မှုများကို ပုံစံမျိုးစုံဖြင့်နေ့တိုင်းကျူးလွန်လျက်ရှိသည့်အတွက် ကမ္ဘာ့အဆိုးရွားဆုံးသောစစ်တပ်အဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဆိုထားသည်။
” ဖက်ဆစ်စစ်အာဏာရှင်တို့၏ အကျင့်ဝသီအတိုင်း မြို့ရွာများအတွင်းသို့ လေကြောင်းက နေ့တိုင်းဗုံးကြဲတိုက်ခိုက်မှုများကိုသာမက ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေး အဆိုပြုထားသော မြောက်ဦးယဉ်ကျေးမှုဒေသ၊ မြောက်ဦးရှေး ဟောင်းသုတေသနပြတိုက်ကို လက်နက်ကြီးများဖြင့် တမင်တကာပစ်ခတ်တိုက်ခိုက်ခြင်းတို့ပြုလုပ်ပြီး စစ်ရာဇဝတ်မှုများကို ပုံစံမျိုးစုံဖြင့် နေ့တိုင်းကျူး လွန်လျက်ရှိသောကြောင့် စစ်ကောင်စီသည် ၂၀၂၃ ခုနှစ်အတွင်း စစ်ရာဇဝတ်မှုအကျူးလွန်ဆုံး အစိုးရစစ်တပ်အဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့ပြီဖြစ်သည် ” ဟု ထုတ်ပြန်ချက်ကဆိုသည်။
ဓာတ်ပုံ – AA Info Desk
******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2816
YouTube – > https://youtu.be/LsSx5mAIttA?si=cQ389gohgAYNfmVR
Website – > https://thanlwinkhet.net/?p=6723