ဗိုလ်မှူးကြီး စောချစ်သူကို ဒကစ – BGF အဖြစ် ဗိုလ်မှူးချုပ်ရာထူးတိုးမြှင့်ဟု ဝါဒဖြန့်
***********************************
သံလွင်ခက်
ဇန်နဝါရီ ၂၄ ၊ ၂၀၂၄ ။
ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်များ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူကို ဒေသဆိုင်ရာစစ် ဆင်ရေးကွပ်ကဲရေးမှူး (ဒစက – BGF)အဖြစ် ဗိုလ်မှူးချုပ်ရာထူး တိုးမြှင့်ခန့်အပ်လိုက်သည်ဟု စစ်ကောင်စီ ချန်နယ်များတွင် ဝါဒဖြန့်ရေးသားနေကြသည်။
စစ်ကောင်စီ၏ ထိပ်တန်းခေါင်းဆောင် ၁ ဦးဖြစ်သည့် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယမန်နေ့ ဇန်နဝါရီ ၂၃ ရက်တွင် ဘားအံမြို့၌ BGF ခေါင်းဆောင်များနှင့်တွေ့ဆုံပြီးနောက် ရာထူးတိုးပေးလိုက်ခြင်းဖြစ်သည်ဟု ဖော်ပြ ကြသည် ။
” သတင်းက တပ်ထောက်လှမ်းရေးဂရုတွေထဲမှာဖြန့်တာ ။ အဲ့ဒါကို စစ်တပ်လော်ဘီချန်နယ်တွေက ရေးနေကြတာ ” ဟု စစ်ကောင်စီတပ်အသိုင်းအဝိုင်းများနှင့်နီးစပ်သူ အမျိုးသား ၁ ဦးက ပြောသည် ။
ဗိုလ်မှူးကြီး စောချစ်သူ အားရာထူးတိုးပေးသည့်သတင်းကို စစ်ကောင်စီဝါဒဖြန့်ချန်နယ်များ၊ စစ်တပ်ထောက်ခံသူ များနှင့် BGF ထောက်ခံသူများက ယမန်နေ့ညပိုင်း၌ ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြခဲ့ကြသည် ။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ BGF တာဝန်ရှိသူများထံ သံလွင်ခက်က ဖုန်းဖြင့်ဆက်သွယ်နေသော်လည်း ယခင်က ဆက်သွယ်၍ရသောဖုန်းတချို့ပင် ခေါ်ဆိုမရဖြစ်နေသည် ။
” စိုးဝင်းကိုယ်တိုင် ဘားအံမှာလာတွေ့တဲ့ သတင်းကသေချာတယ်။ ရာထူးတိုးပေးတာ မဟုတ်ဘူး “ဟု BGF အရာရှိ ၁ ဦးနှင့် ဆွေမျိုးတော်စပ်သူအမျိုးသမီးကပြောသည် ။
ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သည့် BGF တပ်များ စစ်ကောင်စီလက်အောက်က နှုတ်ထွက်ပြီး လစာ၊ ရိက္ခာ များမယူဘဲ သီးခြားရပ်တည်သွားမည်ဟု ထိုင်းသတင်းဌာန Thai PBS က ဇန်နဝါရီ ၂၂ ရက်တွင်ဖော်ပြခဲ့သည် ။
အဆိုပါသတင်းပျံ့နှံ့လာပြီးနောက် စစ်ကောင်စီအကြီးအကဲ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကိုယ်တိုင် ကရင်ပြည် နယ်၊ ဘားအံမြို့ကိုရောက်လာပြီး ယမန်နေ့တွင် BGF ထိပ်တန်းခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
*********
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3127
YouTube- > https://youtu.be/SpxIBpTYop8
Website _> https://thanlwinkhet.net/?p=7227