စစ်ကောင်စီတပ်အလစ်ဝင်တိုက်သဖြင့် MNDAA တပ်ဖွဲ့ဝင် ၁ ဦးသေဆုံး
***************
ယမင်းဖူးပွင့်အောင်
ဇန်နဝါရီ ၂၅၊ ၂၀၂၄။
ကိုးကန့်ဒေသအတွင်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် – MNDAA အခြေချတပ်စွဲထားသည့်နေရာကို စစ်ကောင်စီတပ်ကအလစ်ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ယမန်နေ့၌ သတင်းထုတ်ပြန်သည်။
စစ်ကောင်စီ၏ ဗျူဟာ ၄၈ မှ တပ်ဖွဲ့ဝင်အင်အား ၃၀ ကျော်သည် ယမန် နေ့ ဇန်နဝါရီလ ၂၄ ရက်၊ နေ့လယ်ပိုင်းတွင် MNDAA အခြေစိုက်တပ်စွဲထားသည့် မူပန်ခရိုင်အတွင်း စစ်ကြောင်း ၂ ကြောင်းခွဲ၍ အလစ် အငိုက် ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် MNDAA တပ်ဖွဲ့ဝင် ၁ ဦးသေဆုံးခဲ့ပြီး ထိုလုပ်ရပ်သည် “ဟိုင်ဂင်” သဘောတူညီမှုကို စစ်ကောင်စီက ဗြောင်ကျကျချိုးဖောက်ခြင်းဖြစ်သည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့ကထုတ်ပြန် သတိပေးထားသည်။
ယခုလ ဇန်နဝါရီ ၁၁ ရက်တွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးပြီးနောက်ပိုင်း စစ်ကောင်စီက တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA ရှိရာကို ထိုးစစ်ဆင်တိုက်ခိုက်နေသည့်အတွက် တိုက်ပွဲ ၅ ကြိမ်ခန့်ဖြစ်ပွားခဲ့သည်။
အပစ်အခတ်ရပ်စဲထားသည့်ကာလအတွင်း စစ်ကောင်စီ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုနှင့် အရပ်သားပြည်သူများကို လေကြောင်းကတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့်ပစ်ခတ်မှုများသည် ကြားဝင်ဆောင်ရွက်ပေးသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ကူညီမှုကို စော်ကားလိုက်ခြင်းဖြစ်သည်ဟုလည်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ဖော်ပြထားသည်။
ဓာတ်ပုံ – The Kokang