ခွဲကဘောင်ရွှေ့ပြောင်းကျောင်းတွင် အောင်လက်မှတ်ပေးအပ်ပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ
******
သဇင်
ဧပြီ ၁၊၂၀၂၄။
ခွဲကဘောင်ရွှေ့ပြောင်း ကရင်အမျိုးသားအထက်တန်းကျောင်းတွင် ပြီးခဲ့သည့် ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်အတွက် အောင်လက်မှတ်ပေးအပ်ပွဲနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့တွင်ကျင်းပခဲ့သည်။
ယနေ့ ဧပြီလ ၁ရက်၊ မနက် ၉ နာရီခန့် မှ နေ့လယ် ၁၂နာရီအထိ မဲဆောက်မြို့၊ မယ်ပရပ်ကွက် – ၁၀၊ ခွဲကဘောင်ရွှေ့ပြောင်းကျောင်း၌ကျင်းပခဲ့ခြင်းဖြစ်ပြီး အတန်းပညာကိုထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ခွဲကဘောင်ကျောင်းအုပ် မန်းကျော်ခလိန်းဆူးက” ဒီဆုပေးပွဲဖြစ်မြောက်ဖို့ ကျွန်တော်တို့ နာယကတွေ ၊ဆရာ ဆရာမတွေ၊ ကျောင်းသားမိဘတွေနဲ့ တိုင်ပင်ပြီးလုပ်ခဲ့တာဖြစ်တယ်။ ဒီလိုပညာရည်ချွန်ဆုပေးပွဲကို ကိုဗစ်နောက် ပိုင်းမှာ ကျင်းပခဲ့တာအတော်နည်းတယ်။ အခုနောက်ပိုင်းမှာမှ ပြန်ပြီးလုပ်ဖြစ်တာဖြစ်တယ်”ဟု ဆိုသည်။
အဆိုပါ ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားတွင် ကျောင်းသား ကျောင်းသူ အယောက် ၉၀ နီးပါးကို ဆုချီးမြှင့်ခြင်းအစီအစဉ်အပြင် ကရင်တိုင်းရင်းသားအဆိုတော်များ၏ သီဆိုဖျော်ဖြေမှုအစီအစဉ်များလည်း ထည့်သွင်းကျင်းပခဲ့သည်။
ယင်းအပြင် အထူးအစီစဉ်အဖြစ် တစ်နှစ်ပတ်လုံးအခက်အခဲမျိုးစုံရှိသည့်ကြားက ပညာသင်ကြားပေးခဲ့သော ဆရာ၊ဆရာမများကို ဂုဏ်ပြုဆုငွေပေးအပ်ချီးမြှင့်ပေးခဲ့သည်။
မန်းကျော်ခလိန်းဆူးက”ကျွန်တော်တို့လုပ်လာတဲ့သက်တမ်းတလျှောက်လုံးမှာ ဒီဆရာဆရာမတွေက ပင်ပင်ပန်းပန်းလုပ်လာတဲ့အတွက်ကြောင့် သူတို့တွေကို တစ်ခါမှမပေးခဲ့ဖူးတဲ့ ဘောနပ်ဆုကို ဒီနှစ်မှာ ထူးထူးခြားခြားပထမဆုံးအနေနဲ့ ဆရာ၊ ဆရာမအားလုံးကို ပေးအပ်တာဖြစ်တယ်”ဟုဆိုသည်။
ပြီးခဲ့သည့် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်တွင် ခွဲကဘောင်ရွှေ့ပြောင်းကျောင်း၌ ကျောင်းသား ကျောင်းသူဦးရေ ၃၀၀ ကျော်ကို လက်ခံသင်ကြားပေးခဲ့ပြီး လာမည့် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသား ကျောင်းသူဦးရေ အယောက် ၄၀၀ ကျော်လက်ခံသွားမည်ဟု ခွဲကဘောင်ကျောင်းအုပ်ကဆိုသည်။
ခွဲကဘောင် ကရင်အမျိုးသားအထက်တန်းကျောင်းသည် မြန်မာရွှေ့ပြောင်းအလုပ်သမားနှင့် စစ်ဘေးဒုက္ခသည်များ၏ကလေးငယ်များ ပညာဆက်လက်သင်ကြားခွင့်ရရန်အတွက် တည်ထောင်ထားသည့်ရွှေ့ပြောင်းကျောင်း ၁ ကျောင်းဖြစ်သည်။
ဓာတ်ပုံ-သံလွင်ခက်။
ပုံစာ – ၂၀၂၄ခုနှစ် ၊ဧပြီ ၁ ရက်၌ ခွဲကဘောင်ရွှေ့ပြောင်းကျောင်းတွင် အောင် လက်မှတ်ပေးအပ်ပွဲ နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲကျင်းပခဲ့သည့်မြင်ကွင်း။