တိုက်ပွဲများဖြစ်ပွားနေသည်မှာ ၁၀ရက်ကျော် နေပြီဖြစ်သည့် ကရင်ပြည်နယ်၊ ကော့ကရိတ်တွင် ယနေ့တွင်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ကော့ကရိတ်မြို့အနီးရှိကော့နွဲရွာတစ်ဝိုက်တွင် ယနေ့၊နေ့လည် ၂နာရီခန့်မှစ၍ စစ်ကောင်စီတပ် များနှင့် KNLA ပူးပေါင်းတပ်များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။
” လက်နက်ကြီးနဲ့က မနက်ကတည်းကဖြစ်နေတာ။ တိုက်ပွဲက နေ့လည်၂နာရီလောက်မှာ ထိတွေ့မှုဖြစ်တာ။ အခုညနေပိုင်းတော့ငြိမ်သွားပါပြီ “ဟု ကော့ကရိတ်တိုက်ပွဲတွင်း၌ ရောက်ရှိနေသည့် KNLA+PDF ပူးပေါင်းစစ်ကြောင်းမှ PDF ရဲဘော်တစ်ဦးက ညနေ ၅နာရီခွဲကျော်အချိန်၌ သံလွင်ခက်ကိုပြောသည်။
ယနေ့ ထိတွေ့တိုက်ပွဲအတွင်း၌ နှစ်ဖက်ထိခိုက်မှုအခြေအနေများကိုမသိရှိရသေးဘဲ ထိခိုက်မှုများလျင် လေကြောင်းမှ လာရောက်တိုက်ခိုက် လေ့ရှိသည့် စစ်ကောင်စီတပ်ဘက်မှ သုံးနာရီခွဲဝန်းကျင်တွင် ဂျက်တိုက်လေယာဥ်ဖြင့် လာရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ဒီဇင်ဘာလ ၁၆ရက်နေ့ကတည်းက တိုက်ပွဲများဖြစ်ပွားနေသည့် ကော့ကရိတ်တွင် ယနေ့တိုက်ပွဲဖြစ်ပွါးသည့် ကော့နွှဲ့ရွာ တစ်ဝိုက်ကို ပြီးခဲ့သောရက်ပိုင်း ဒီဇင်ဘာ ၂၇ ရက်တွင် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့သောကြောင့် တစ်နေကုန်နီးပါးတိုက်ပွဲပြင်းထန်ခဲ့သည်။
အဆိုပါတိုက်ပွဲ၌စစ်ကောင်စီတပ်မှ ၂၀ ဦးထက်မနည်းသေဆုံးခဲ့ပြီးKNLA တပ်ရင်း ၂၇ (KNLA+PDF ပူးပေါင်းစစ်ကြောင်း )မှ ရဲဘော် တစ်ဦးကျဆုံးခဲ့ရသည်။