ရမ်းဗြဲမြို့ကို ရက္ခိုင့်တပ်တော် AA သိမ်းပိုက်
***************************
သံလွင်ခက်
မတ် ၇ ၊ ၂၀၂၄ ။
ရခိုင်ပြည်၊ ရမ်းဗြဲမြို့ကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ထိန်းချုပ်လိုက်နိုင်ပြီဖြစ်သည်ဟု AA နှင့်နီးစပ်သည့် သတင်းအရင်းအမြစ်များက အတည်ပြုပြောကြားသည်။
ရမ်းဗြဲကို ရက္ခိုင့်တပ်တော်AA က ပြီးခဲ့သည့် ဒီဇင်ဘာလ တတိယအပတ်တွင်းကတည်းက ထိုးစစ်ဆင်နေခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ၏ ထောက်ပို့နှင့်စစ်ကူများကို ရက္ခိုင့်တပ်တော်AA က ယခုလအစပိုင်းတွင် ဖြတ်တောက်ပိတ်ဆို့ခြင်းနှင့် လိုက်လံချေမှုန်းခြင်းများကို ဆက်တိုက်ပြုလုပ်ခဲ့သည်။
ထို့ကြောင့် နောက်ဆုံးကျန်ရှိသည့် သိမ်တောင်ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးမှုနှင့် လက်နက်ချအညံ့ခံမှုများရှိလာပြီးနောက် ရမ်းဗြဲမြို့ကို အပြီးသတ်သိမ်းလိုက်နိုင်ခြင်းဖြစ်သည်ဟု AA နှင့်နီးစပ်သည့်အမျိုးသားတစ်ဦးက ပြောသည်။
ရမ်းဗြဲမြို့အနီးသို့ အနောက်တောင်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ၊ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့အခြေစိုက် ခလရ (၃၆) တပ်ရင်း နှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ အမ်းမြို့အခြေစိုက် ခမရ (၃၇၃) တပ်ရင်းတို့ကို စစ်ကောင်စီက ဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်း၌ ရဟတ်ယာဉ်များဖြင့် စစ်ကူပေးပို့ခဲ့သည်။
အဆိုပါစစ်ကူစစ်ကြောင်းကို ရက္ခိုင့်တပ်တော် AA က လိုက်လံချေမှုန်းခဲ့ရာ ၃ ရက်အတွင်း စစ်ကောင်စီတက်ဖွဲ့ဝင် ၈၀ ကျော်ကို သုတ်သင်နိုင်ခဲ့ကြောင်းနှင့် ရမ်းဗြဲမြို့တွင်းသို့ စစ်ကောင်စီက ၎င်းတို့တပ်များထံ လေကြောင်းမှ လက်နက်ခဲယမ်း၊ ရိက္ခာများ လာရောက်ချပေးရာ သိမ်းဆည်း ရရှိခဲ့သည်ဟု ရက္ခိုင့်တပ်တော် AAက ဖေဖော်ဝါရီနောက်ဆုံးပတ်အတွင်း၌ သတင်းထုတ်ပြန်ထားသည်။
ရခိုင်ပြည်၊ ရမ်းဗြဲမြို့ကို ရက္ခိုင့်တပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့သော အချိန် ၂ လကျော်ကာလအတွင်း စစ်ကောင်စီက တစ်ရက်တည်း အကြိမ် ၁၀၀ ကျော်ထိ လေကြောင်းမှ လာရောက်ဗုံးကြဲ တိုက်ခိုက်မှုများအပါအဝင် နေ့စဉ်နီးပါး ရမ်းဗြဲမြို့အား ဗုံးကြဲနေခဲ့သည်။
စစ်ကောင်စီသည် ရမ်းဗြဲမြို့အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို နေ့တိုင်းပြုလုပ်လျက်ရှိသောကြောင့် ရမ်းဗြဲတစ်မြို့လုံးရှိ လူနေအိမ်၊ တိုက်တာအဆောက်အအုံ၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ သာသနိကအဆောက်အအုံများ အားလုံးနီးပါး ပျက်စီးခဲ့ရပြီးဖြစ်သည်။
ရက္ခိုင်ဒေသအတွင်း၌ ပေါက်တောမြို့ ပြီးလျှင် ရမ်းဗြဲမြို့သည် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အပျက်အစီးအများဆုံးမြို့ဖြစ်သည်ဟု ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ထားသည်။
ပြီးခဲ့သော နိုဝင်ဘာလ ၁၃ ရက်မှစပြီး ချင်းပြည်နယ် ပလက်ဝဒေသအပါအဝင် ရခိုင်ပြည်စစ်ဆင်ရေးကို ရက္ခိုင့်တပ်တော် AA ဆောင်ရွက်နေခဲ့ရာ လက်ရှိချိန်ထိ ပလက်ဝဒေ နှင့် ရခိုင်ပြည်နယ်မှ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း နှင့် ရမ်းဗြဲမြို့နယ်များကို သိမ်းပိုက်ရရှိထားသည်။
ပုံစာ – ရမ်းဗြဲမြို့အနီး ရဟတ်ယာဉ်ဖြင့် လာရောက်ပေးသော စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ AA သိမ်းဆည်းရရှိသည့် လက်နက်၊ခဲယမ်းများ။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3656
YouTube – > https://youtu.be/M_6Wem4Ju9k?si=hD_KqRB2lEvj95D8
Website – > https://thanlwinkhet.net/?p=8167