အာဏာမဲ့သွားသည့်စစ်ကောင်စီ၏ မာရှယ်လောအမိန့်ကို လိုက်နာရန်မလိုဟု ဒေသခံများတုံ့ပြန်
**************************************
ယမင်းဖူးပွင့်အောင်
မတ် ၇၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA က သိမ်းပိုက်ထားသည့် မြို့နယ် ၃ မြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး(မာရှယ်လော) ကြေညာခဲ့သော်လည်း အာဏာမဲ့သွားသည့် စစ်ကောင်စီ၏မာရှယ်လောအမိန့်ကို လိုက်နာရန်မလိုဟု ဒေသခံများက တုံ့ပြန်ပြောဆိုကြသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA က ရှမ်းမြောက်ရှိ မြို့ပေါင်း ၇ မြို့ကိုသိမ်းပိုက်ထားခဲ့ပြီး ယင်းအနက်က မန်တုံမြို့နယ်၊ နမ့်ဆန်မြို့နယ် နှင့် နမ္မတူမြို့နယ်ကို မတ်လ ၄ ရက်တွင် စစ်ကောင်စီက စစ်အုပ်ချူပ်ရေး ကြေ ညာခဲ့ခြင်းဖြစ်သည်။
စစ်တပ်၏ အာဏာသက်ရောက်မှုမရှိသည့် မြို့များဖြစ်သည့်အတွက် စစ်အုပ်ချုပ်ရေးစည်းကမ်းများကို လိုက်နာ ရန်မလိုဟု နမ္မတူဒေသခံ ၁ ဦးက ပြောသည်။
၎င်းက “ပြောမယ်ဆိုရင်တော့ လူထုကို တမင်ခြိမ်းခြောက်လိုက်တဲ့သဘောလား မသိပါဘူး။ ဒါကတော့ ဟာသပဲ ပေါ့။ သူတို့အာဏာစက်မှ မသက်ရောက်ဘဲ။ လိုက်နာစရာအကြောင်းမှမရှိတာ” ဟုပြောသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီ၏ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ- NSPNC တို့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်တွင် နှစ်ဖက်အပစ်အခတ်ရပ်စဲသည့်အနေဖြင့် ဟိုင်ဂင်သဘောတူညီချက်ကို အသိသက်သေများရှေ့မှောက်၌ လက်မှတ်ရေးထိုးခဲ့ကြသည်။
ထိုကဲ့သို့ နှစ်ဖက်အပစ်ရပ်စဲခဲ့သောကြောင့် ပြည်သူများစိတ်အေးနေခဲ့သော်လည်း ယခုအချိန်တွင် စစ်ကောင်စီက TNLA ထိန်းချူပ်ထားသည့် မြို့များကို စစ်အုပ်ချုပ်ရေး ကြေညာလိုက်သည့်အတွက် တိုက်ပွဲများပြန်လည် ဖြစ်ပွားလာမည်ကို ဒေသခံများစိုးရိမ်နေကြသည်။
နမ္မတူဒေသခံ ၁ ဦးက “လေယာဉ်ရှိတယ်ဆိုတော့ မြေပြင်ကနေမလာရင်တောင် လေကြောင်းကနေတိုက်ခိုက် လာမှာ ကို စိုးရိမ်နေကြတယ်။ ဟိုင်ဂင်သဘောတူညီချက်ရှိထားတော့ စိတ်တော့အေးနေခဲ့တာပေါ့” ဟုဆိုသည်။
စစ်ကောင်စီ၏လုပ်ရပ်သည် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့အကြား သဘောတူထားသည့် ဟိုင်ဂင် အပစ် အခတ်ရပ်စဲရေး သဘောတူညီချက်အား လက်တွေ့အကောင်အထည်ဖော်ဆောင်ရာတွင် အခက်အခဲများဖြစ်ပေါ် လာနိုင်မည်ကို အထူးစိုးရိမ်မိသည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က မတ်လ ၆ ရက်တွင် ထုတ်ပြန်သည်။
အဆိုပါ မာရှယ်လောနှင့်ပတ်သက်၍ TNLA နှင့်နီးစပ်သူ ၁ ဦးက “ဒါကတော့ လူထုထိတ်လန့်မှုဖြစ်အောင် ကြံဖန်ပြီးလုပ်တာပေါ့။ လူထုစိုးရိမ်မှုမြင့်တက်လာအောင် သူတို့ကိုပြန်ပြီးထောက်ခံလာအောင်လုပ်တဲ့ နိုင်ငံရေး လှည့်ကွက် ၁ ခုလို့ပဲမြင်ပါတယ်” ဟုပြောသည်။
ဟိုင်ဂင်သဘောတူညီချက်အရ မြန်မာနိုင်ငံ၏ ရှမ်း/မြောက်ဒေသတွင် ပစ်ခတ်တိုက်ခတ်မှုများ ရပ်စဲသွားရမည် ဖြစ်ကာ ထိုမှတစ်ဆင့် တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ တရုတ်-မြန်မာ နယ်စပ်တည်ငြိမ်အေးချမ်းရေးနှင့် မြောက်ပိုင်းဒေသအတွင်းပြည်သူလူထုများ စစ်ဘေးဒဏ်က ပြန်လည်ထူထောင် နိုင်ရေးတို့အတွက် ဆက်လက်ဆွေးနွေးညှိနှိုင်းပြီး ခိုင်မာသောအပစ်ရပ်ရေးလုပ်ငန်းစဉ်များဖော်ဆောင်နိုင်ရန် ကတိပြုခဲ့ကြသည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA က သိမ်းပိုက်ထားသော နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ့်ခမ်းနှင့် ကွတ်ခိုင်မြို့များတွင် လုံခြုံရေးနှင့်အုပ်ချုပ်ရေးယန္တရားအသစ် ဖော်ဆောင်မည်ဟု TNLA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ် ကြီး တားအိုက်ဘုန်းက ၆၁ နှစ်မြောက် တအာင်းတော်လှန်ရေးနေ့မိန့်ခွန်း၌ ပြောကြားခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မိုးမိတ်မြို့နယ်နှင့် မဘိမ်းမြို့နယ်များကိုလည်း ယခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်တွင် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာခဲ့သည်။
စစ်တပ်အာဏာသိမ်းပြီးချိန်ကစ၍ ၂၀၂၄ ခုနှစ် မတ်လ ၄ ရက်ထိ မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၆၁ မြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားတာကာ ၂၀၁၄ သန်းခေါင်စာရင်းအရ အဆိုပါ မြို့နယ်များတွင် နေထိုင်သူ ၈ ဒဿမ၂ သန်းကျော် ရှိသည်ဟု Data For Myanmar ၏ စာရင်းအရ သိရသည်။
ပုံစာ – TNLA ခေါင်းဆောင်များက ၎င်းတို့သိမ်းပိုက်ထားသည့် မြို့များသို့ ကွင်းဆင်းကာ ဒေသခံများနှင့်တွေ့ဆုံနေသည့်မြင်ကွင်း။ ပုံ – အဟောင်း
Photo – PSLF/TNLA
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3657
YouTube – > https://youtu.be/M_6Wem4Ju9k?si=hD_KqRB2lEvj95D8
Website – > https://thanlwinkhet.net/?p=8170